
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ ရိုးတောင်ကျော်လမ်းရှိ နတ်ရေကန် ပတ်ဝန်းကျင်ကို စစ်အာဏာရှင်တပ်က လေယဉ် ၆ စင်းအပါအဝင် လက်နက်ကြီး ပစ်ကူယူပြီး ထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့ ဇွန် ၁၇ ရက် မနက် ၇ နာရီကတည်းက ဂျက်တိုက်လေယာဉ် ၅ စင်း၊ Y12 တစင်းတို့နဲ့ ပဇီ၊ ဂုတ်ကြီးနဲ့ နတ်ရေကန်ကြားကို ဗုံးကြဲနေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ပစ်နေတာကတော့ ပဇီနဲ့ နတ်ရေကန်ကြား၊ ဂုတ်ကြီးနဲ့ နတ်ရေကန်ကြား နှစ်ဖက်လုံးကို ညှပ်ပစ်နေတယ်။ မြေပြင် ထိတွေ့တိုက်ပွဲလည်း ဖြစ်နေတယ်။”
အလားတူ မစခ ၉၀၅ (ဆုန်ကုန်းအမြောက်တပ်) ကလည်း အတွဲလိုက်ပစ်ဒုံးနဲ့ အကြိမ်ရေ ၁၀၀ ထက်မနည်း အဆက်မပြတ် ပစ်ကူပေးနေတယ်လို့ သူက ဆက်ပြောပါတယ်။
“အသံက မစဲဘူး၊ ဆက်တိုက်ပစ်နေတယ်။ လေယာဉ်က တမျိုး၊ လက်နက်ကြီးက တမျိုး ပဒန်းကလူတွေတောင် နားလန့်နေရတယ်။ ခါတိုင်း အဲဒီလောက်မပစ်ဘူး။”
စစ်တပ်က မစခ ၉၀၅ ကို အခုရက်ပိုင်း လက်နက်ခဲယမ်းအင်အား လူအင်အား ဖြည့်တင်းပြီးနောက် ဒီနေ့ ပဇီကတဆင့် ထိုးစစ်၊ ဂုတ်ကြီးကတဆင့် ထိုးစစ်ကို စတင်ပြီး အာရက္ခတပ်တော် (AA) နဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ် ပြောကြားချက်အရ သိရပါတယ်။










