DVB Logo
Home
မြန်မာသတင်း
နယူးဒေလီရှိ ရိုဟင်ဂျာ ခရစ်ယာန်ဒုက္ခသည်များကို ဖမ်းဆီးပြီး မြန်မာပြည် ပြန်ပို့နေ
DVB
·
June 26, 2025
နယူးဒေလီရှိ ရိုဟင်ဂျာ ခရစ်ယာန်ဒုက္ခသည်များကို ဖမ်းဆီးပြီး မြန်မာပြည် ပြန်ပို့နေ
Donate to DVB

အိန္ဒိယနိုင်ငံ၊ နယူးဒေလီကို ရောက်နေတဲ့ ရိုဟင်ဂျာခရစ်ယာန်ဒုက္ခသည်တွေကို အိန္ဒိယ အာဏာပိုင်တွေက ဖမ်းဆီးပြီး မြန်မာနိုင်ငံ ပြန်ပို့တာတွေ ကြုံနေရတယ်လို့  အကူအညီပေးနေသူတွေက ‌ပြောပါတယ်။

ရိုဟင်ဂျာ ခရစ်ယာန် အယောက် ၁၃၀ လောက်ဟာ ဒေလီမြို့ကို ၂၀၁၇ ခုနှစ်ကတည်းက  ရောက်ရှိခဲ့ပြီး ကုလသမဂ္ဂ ဒုက္ခသညအေဂျင်စီ (UNHCR)က ထုတ်ပေးတဲ့ ဒုက္ခသည်ကတ်နဲ့ နေထိုင်ခဲ့ကြရတယ်လို့ သိရပါတယ်။

ရိုဟင်ဂျာ ခရစ်ယာန်တွေဟာ ဈေးရောင်းတာ၊ ကျပန်းအလုပ် လုပ်ကိုင်တာ၊ အမှိုက်ကောက်တဲ့ အလုပ်တွေနဲ့ စားဝတ်နေရေး ဖြေရှင်းခဲ့ရပြီး လက်ရှိမှာတော့ မေ ၅ ရက်ကစလို့ အလုပ်လုပ်ကိုင်ခွင့် မရှိတော့ဘူးလို့ သိရပါတယ်။

အိန္ဒိယအစိုးရက စစ်ဘေးရှောင်တွေရဲ့ ဇီဝအချက်အလက်တွေကို ကောက်ယူပြီးတဲ့နောက် UNHCR ဆီမှာ မှတ်ပုံတင်ထားတဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ဖမ်းဆီးမှုတွေ လုပ်ဆောင်လာတယ်လို့ သိရပါတယ်။

India For Myanmar မှ ဆလိုင်းဒိုခါက “ရိုဟင်ဂျာ ခရစ်ယာန်တွေ အပါအဝင် လက်ရှိ မြန်မာနိုင်ငံသားတွေကိုလည်း စတင်ပြီးတော့ စစ်ဆေးနေတာတွေ ရှိနေတဲ့အခါကျတော့ သူတို့ မြန်မာပြည် ပြန်မပို့ရေး တတ်နိုင်သလောက် သက်ဆိုင်ရာအစိုးရကို တင်ပြ တောင်းဆိုနေသလို နိုင်ငံတကာ အဖွဲ့အစည်းကိုလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အသံထွက်ပေးကြဖို့ တောင်းဆိုနေတာ ရှိပါတယ်။ အိမ်မပြန်နိုင်တဲ့ အချိန်ကာလ အတောအတွင်းမှာ စားဝတ်နေရေး အဆင်ပြေနိုင်ဖို့အတွက် အလှူရှင်တွေကို ကျနော်တို့ လိုက်လံချိတ်ဆက်ပေးနေပါတယ်” လို့ ပြောပါတယ်။

အိန္ဒိယ အာဏာပိုင်တွေက ရိုဟင်ဂျာတွေကို မေလလယ်လောက်ကစပြီး အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ်ရှိတယ်လို့ စွပ်စွဲဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံခဲ့ရသူ ခရစ်ယာန် ရိုဟင်ဂျာ ၁၅ ယောက်နဲ့ မွတ်စလင် ရိုဟင်ဂျာ ၂၅ ယောက်ဟာ မြန်မာနိုင်ငံ ပြန်ပို့ခံလိုက်ရပြီး သူတို့ရဲ့အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အာဏာပိုင်တွေက UNHCR ဆီမှာ စာရင်းသွင်းထားတဲ့ ဖုန်းနံပါတ်၊ လိပ်စာတွေနဲ့ ဖမ်းဆီးနေကြတဲ့အတွက် ရိုဟင်ဂျာတွေဟာ အရင်လိပ်စာတွေမှာ မနေကြရဘဲ တောတွေထဲမှာ ပုန်းအောင်းနေကြရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ရိုဟင်ဂျာတွေဟာ ဖမ်းဆီးမှုတွေကြောင့် အလုပ်လုပ်ကိုင်ခွင့် မရရှိဘဲ UNHCR ဆီကလည်း ထောက်ပံ့မှုမရရှိတဲ့အတွက် နေစရာအခက်အခဲနဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရတယ်လို့ သိရပါတယ်။

ခရစ်ယာန် ရိုဟင်ဂျာဒုက္ခသည်တယောက်က “ဒီနေ့ဖမ်းမလား မနက်ဖြန်ဖမ်းမလား မသေချာဘူး။ သူတို့က ဖမ်းတယ်၊ မနေ့ကလည်း ဖမ်းတာတွေရှိတယ်။ အသက်ကြီးပြီးမှ သေဖို့စောင့်နေသလိုဖြစ်တယ်။ ဘယ်နေ့ ဘယ်ထောင်ထဲရောက်မလဲ၊ ထိန်းသိမ်းရေးစင်တာ ရောက်မလဲ၊ အဲဒါပဲ စောင့်နေကြတဲ့ သဘောပဲလေ။ ကလေးတွေတောင်မှ အရမ်းကြောက်တယ်။ ညမှာဆို အိပ်တယ်ဆိုရင်တောင်မှ ရဲတွေလာတယ် လာတယ်လို့ ပြောကြတော့ သမီးက အရမ်းကြောက်တယ်။ ကလေးတွေက ကျနော်တို့က အပြင်လည်း သွားလို့မရဘူး၊ ပုန်းပြီးမှနေတာ။ လောလောဆယ် ဂူရှိတဲ့နေရာမှာနေတာ။ အဲလို အသွားအပြန် ရှိတယ်ဆို ရဲတွေက လိုက်မှာ။ ရဲတွေနဲ့ ပါသွားတယ်ဆိုရင်လည်း ဘယ်နေရာမှာ ပါသွားတယ်၊ ဘယ်သူမှ မသိနိုင်ဘူး။ အဲဒါ အရမ်းကြောက်လို့ ထမင်းငတ်တယ်ဆိုလည်း ဒီတိုင်းနေမှာပဲ ငတ်ပြီးတော့မှ နေတာပဲနော်” လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၈,၀၀၀ ဝန်းကျင်ရှိပြီး UNHCR ဆီမှာ စာရင်းသွင်းထားသူက ၁၆,၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013