
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ဘူတာရုံမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက် ဒဏ်ရာရရှိပြီး သေနတ်တလက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဖြူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
ဇွန် ၂၅ ရက် မနက် ၁ နာရီခွဲဝန်းကျင်မှာ ဇေယျဝတီမြို့ဘူတာရုံရှိ စစ်ကောင်စီတပ်သားတွေကို ဖြူးမြို့နယ်ပကဖ တိုက်ခိုက်ရေးအဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဖြူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က “ဝင်တိုက်တဲ့အချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရ ထွက်ပြေးသွားတယ်။ ဘူတာရုံကို ရှင်းလင်းခဲ့ရာ MA-1 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည်ဆန်အချို့နဲ့ ဖုန်း ၄ လုံး သိမ်းဆည်းရရှိခဲ့တယ်”လို့ ပြောပါတယ်။
စီးနင်းမှုအတွင်း မီးရထားဝန်ထမ်း တယောက်ကိုလည်း အလင်းဝင်ရောက်ဖို့မှာကြားကာ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။
ဖြူးမြို့နယ် ပကဖ က ဇေယျဝတီဘူတာရုံကို ဝင်ရောက်စီးနင်းနေချိန်မှာ ဖြူးမြို့နယ် တရားရုံးအရှေ့ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဇေယျဝတီသကြားစက်မှာ ကင်းပုန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း တိုက်ခိုက်ခဲ့ပြီး ဇေယျဝတီရဲစခန်းကိုပါ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဇွန် ၂၂ ရက်ကလည်း ဖြူးမြို့နယ်၊ အုတ်ဖြတ်-မုန်းလမ်းပေါ်ရှိ ဝဲကြီးအောက်ခုံကျေးရွာမှာ ကင်းပတ်သွားလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဖြူးမြို့နယ်ပကဖ တိုက်ခိုက်ရေးအဖွဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ယောက် သေဆုံးခဲ့သေးတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။