DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေးဆွေးနွေးပွဲ အမေရိကန်ရောက်မြန်မာများ ပြုလုပ်မည်
DVB
·
June 26, 2025
မြန်မာ့အရေးဆွေးနွေးပွဲ အမေရိကန်ရောက်မြန်မာများ ပြုလုပ်မည်
Donate to DVB

အမေရိကန်အစိုးရ၊ လွှတ်တော်နဲ့ ကုလသမဂ္ဂကို မြန်မာ့အရေး ဗျူဟာမြောက် စည်းရုံး အသိပေးနိုင်ရေး ဆွေးနွေးပွဲ အမေရိကန်ပြည်နယ် ၅၀ မှာရှိတဲ့ တက်ကြွလှုပ်ရှားသူတွေ စုပေါင်းပြုလုပ်ဖို့ ရှိနေပါတယ်။

မြန်မာ့အရေးမှာ တရုတ်အစိုးရက ပေါ်ပေါ်ထင်ထင် ဝင်ရောက်စွက်ဖက်လာတာ၊ သမ္မတထရမ့်ပ် အစိုးရ အာဏာရလာပြီးနောက် နိုင်ငံတကာမူဝါဒရေးရာ အပြောင်းအလဲ အများအပြား ဖြစ်လာတာတွေကြောင့် မြန်မာ့အရေးဟာ ပိုကျပ်တည်းတဲ့ အခြေအနေနဲ့ ကြုံလာရတာပါ။

ဒီအခြေအနေမှာ မြန်မာ့အရေးကို အမေရိကန်အစိုးရ၊ လွှတ်တော်နဲ့ ကုလသမဂ္ဂစင်မြင့်မှာ မမေ့ပျောက်အောင် ဗျူဟာမြောက် အသိပေး စည်းရုံးတာတွေ ဆက်လုပ်နိုင်ဖို့ အမေရိကန်ပြည်နယ် ၅၀ ကို ရောက်နေတဲ့ မြန်မာနွယ်ဖွားတွေ စုပေါင်းပြီး ဒေသစံတော်ချိန် ဇွန် ၂၈ ရက်မှာ အွန်လိုင်း Seminar ဆွေးနွေးပွဲတရပ် ပြုလုပ်သွားဖို့ ရှိနေပါတယ်။

Seminar ဖြစ်မြောက်ရေးကော်မတီမှ ဦးကိုကိုလေးက “ကျနော်တို့ရဲ့ သံတမန်ရေးရာတိုက်ပွဲကို အရှိန်အဟုန် မြှင့်နိုင်ဖို့အတွက် အင်အားစုတဲ့သဘောပါပဲ။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုကို ဘယ်လိုချဉ်းကပ်မယ်ဆိုတာ ဖြစ်ပါတယ်။ ယူအက်စ်မှာ ကမ္ဘာ့ကုလသမဂ္ဂ ရှိနေတယ်ဆိုတော့ မဟာဗျူဟာမြောက် ဘယ်လိုအသိပေး စည်းရုံးမလဲ ဆိုတာတွေကို ကျနော်တို့ ဆွေးနွေးကြမှာဖြစ်တယ်။ အမေရိကန်အစိုးရ အပါအဝင် တခြားနိုင်ငံတွေရဲ့ ကူညီမှုတွေရရှိဖို့ ကြိုးစားဖို့ရာ တချက်ဖြစ်တယ်။ နောက်တခုက ဝါရှင်တန်ဒီစီ အခြေစိုက် NGO တွေကြားမှာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်မှု ဖြစ်ဖို့အတွက်ကိုလည်း နံပါတ် ၂ အနေနဲ့ ရည်စူးပါတယ်။ နံပါတ် ၃ အနေနဲ့ကတော့ စည်းရုံးရေးလုပ်ငန်းစဉ်တွေမှာ အထူးသဖြင့် ကွန်ဂရက်စ်ကို ချဉ်းကပ်တဲ့နေရာမှာ အခွန်ထမ်းပြည်သူတွေ၊ သူတို့ရဲ့ မဲဆန္ဒနယ်တွေကတဆင့် ချဉ်းကပ်ရမှာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ပြည်နယ် ၅၀ စလုံးမှာရှိတဲ့ ပြည်သူတွေအကုန်လုံးကို ကျနော်တို့က ဖိတ်ကြားပြီးတော့ ပါဝင်စေချင်တယ်။ နံပါတ် ၄ အချက်ကတော့ ကျနော်တို့ဘက်မှာ မီဒီယာနည်းနည်းအားနည်းတယ်၊ မြန်မာပိုင်းကတော့ အားကောင်းပေမဲ့ တခြားဘာသာစကားတွေ အပြည်ပြည်ဆိုင်ရာ မီဒီယာတွေမှာ ထိုးဖောက်မယ် ဆိုတဲ့ ရည်ရွယ်ချက်မျိုး ရှိပါတယ်” လို့ ပြောပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက အမေရိကန်လွှတ်တော်ကို မြန်မာ့အရေး အသိပေး စည်းရုံးနိုင်ဖို့ သက်ဆိုင်ရာ ပြည်နယ်မဲဆန္ဒနယ် အသီးသီးက မြန်မာနွယ်ဖွားတွေက သူတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို နည်းလမ်းစုံနဲ့ အသိပေးခဲ့တာပါ။

ဒေသလွှတ်တော်ကိုယ်စားလှယ်တွေကတဆင့် စဉ်ဆက်မပြတ် အသိပေးခြင်းအားဖြင့် ကွန်ဂရက်စ်လွှတ်တော်မှာ မြန်မာ့အရေး ဆွေးနွေးမှုတွေ ရှိနေဖို့၊ လိုအပ်တဲ့ အကူအညီတွေ၊ မူဝါဒရေးရာ ရပ်ခံချက်တွေရရှိဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။

Los Angeles Myanmar Movement (LA2M) မှ ဂျိမ်းစ်ရွှေက “စိတ်ဓာတ်ရေးရာ ထောက်ခံမှုရတယ်။ နိုင်ငံရေးအရ ထောက်ခံမှုရတယ် ဆိုရင်တောင်မှ ကျနော်တို့အတွက် အမြတ်ပဲဗျ။ ဥပမာဆိုလို့ရှိရင် စကစကို ဘယ်သူမှ အသိအမှတ်မပြုဘူး။ ဆက်ပြီးတော့ အသိအမှတ်မပြုအောင် လုပ်ဖို့က နိုင်ငံခြားမှာ စည်းရုံးအသိပေးတာတွေ လုပ်ဖို့လိုတယ်ဗျာ။ ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ နေရာဆက်ရနေတာ ကျနော်တို့အတွက် တရားဝင်မှုရှိတာပဲလေ။ International Parliamentary Union (IPU) တို့ ဘာတို့က CRPH တို့ ဘာတို့ကို အသိအမှတ်ပြုပြီးတော့ သူတို့အစည်းအဝေးတွေ ဖိတ်နေတာလေ။ အဲဒါမျိုးလည်း ဆက်သွားဖို့က ကျနော်တို့က တွန်းရမှာပဲဗျ။ ဒီမှာ စိတ်ဓာတ်ကျပြီးတော့ ဘာမှဆက်မလုပ်ဘူး ဆိုလို့ရှိရင် ကျနော်တို့အတွက်က နစ်နာဖို့ပဲရှိတယ်ဗျာ။ မြန်မာပြည်အရေး သူတို့နားထဲမှာ ဝင်ပြီးတော့ မြုပ်မသွားအောင် ဆက်လုပ်ရမယ် ဆိုပြီးတော့ ကျနော်တို့ ဒီမှာ လုပ်နေတာပဲဗျာ။ NUG တို့ ဘာတို့လည်း သူတို့ ပိုပြီးတော့ အားတက်သရော လုပ်ကြတယ်ဗျာ။ ဒီကလူတွေကို စည်းရုံးပြီးတော့ မနှစ်ကအတိုင်း ဆက်လုပ်မယ်၊ ဘယ်သူမှ အားမလျှော့ဘူးဗျာ၊ ဆက်လုပ်နေတာပဲ။ ကျနော်တို့က လုပ်သင့်တာတော့ ကမ္ဘာသိအောင် ဆက်လုပ်ရမယ်လို့ ကျနော်တို့ ယူဆတယ်ဗျာ။ အများစုကလည်း လုပ်နေတယ်ဆိုတော့ တိုင်းပြည်ထဲက လူတွေတော့ သိပ်ပြီးတော့ စိတ်ဓာတ်မကျစေချင်ဘူးဗျာ” လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူတွေကလည်း အမေရိကန်အစိုးရ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ လွှတ်တော်ကို ချဉ်းကပ်နိုင်ဖို့ ပိုအားထုတ်နေပြီး သမ္မတဘိုင်ဒင် အစိုးရလက်ထက်က အတည်ပြုထားတဲ့ Burma Act ကို မြန်မြန်အကောင်အထည်ဖော်နိုင်ဖို့ တိုက်တွန်းနေကြတာပါ။

ထရမ့်ပ် အစိုးရမှာ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာတဲ့ မာကိုရူဘီအိုဟာ မြန်မာနဲ့ အရှေ့တောင်အာရှ အရေးကို အကျွမ်းတဝင်ရှိသူဖြစ်ပြီး ဘိုင်ဒင်အစိုးရ လက်ထက်ကတည်းက မြန်မာပြည်သူတွေဘက်က ရပ်ခံမှုရှိခဲ့သူ ဖြစ်ပါတယ်။

ဒါပေမဲ့ သမ္မတထရမ့်ပ်ရဲ့ ပြည်တွင်းရေးကို ဦးစားပေးတဲ့ မူဝါဒကြောင့် လက်ရှိ အမေရိကန်အစိုးရရဲ့ ဆောင်ရွက်ချက်တွေဟာ နိုင်ငံတကာအရေးကိစ္စတွေမှာ လည်ပတ်မှု နှောင့်နှေးနေပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013