
အမေရိကန်ပြည်ထောင်စုကလည်း စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ကူညီထောက်ပံ့နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းကနေ မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်မယ့် ထောက်ပံ့ရေးစင်္ကြံတခု ဖန်တီးဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့ပါတယ်။ ဒါကြောင့် ဒီအခြေအနေတွေဟာ အိန္ဒိယနိုင်ငံအတွက် အထူးအရေးပါလာပါတယ်။
အိန္ဒိယနိုင်ငံကတော့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ရင် ခုထက်ထိ “စောင့်ကြည့်လေ့လာ” ဆိုတဲ့ မူဝါဒကို ကျင့်သုံးနေဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေကြား ညှိနှိုင်းအဖြေရှာရေးကိုပဲ မျှော်လင့်နေပြီး ယနေ့အချိန်အထိ ဘာရလဒ်မှ ထွက်ပေါ်လာခြင်း မရှိသေးတဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်အပေါ် ယုံကြည်မှုရှိနေဆဲပါပဲ။
တရုတ်ရဲ့ ဖိအားကြောင့် တော်လှန်ရေးအဖွဲ့များ နောက်ဆုတ်ပေးရခြင်း
မြန်မာနိုင်ငံမှာ အခြေခံအဆောက်အအုံ စီမံကိန်းတွေကအစ သတ္တုတူးဖော်ရေး လုပ်ငန်းတွေအထိ ကြီးမားတဲ့ အကျိုးစီးပွားတွေ ရှိနေတဲ့ တရုတ်နိုင်ငံဟာ ယိုင်နဲ့နေပြီဖြစ်တဲ့ စစ်ကောင်စီကို အပြီးတိုင် စစ်ရေးရှုံးနိမ့်ခြင်းကနေ ကာကွယ်ဖို့အတွက် ကြားဝင်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့လက တရုတ်ညှိနှိုင်းရေးမှူးတွေဟာ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ကို လားရှိုးမြို့ကနေ ပြန်လည်ဆုတ်ခွာပေးဖို့ ဖိအားပေးခဲ့ပါတယ်။ လားရှိုးမြို့ဟာ MNDAA အပါအဝင် မဟာမိတ်တပ်တွေ လပေါင်းများစွာကြာ ခက်ခက်ခဲခဲနဲ့ တိုက်ခိုက်ပြီးမှ သိမ်းပိုက်နိုင်ခဲ့တဲ့မြို့ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ အဓိကမြို့တမြို့ဖြစ်တဲ့အပြင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအတွက်လည်း အရေးပါတဲ့ လားရှိုးမြို့မှာ စစ်တပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ပါတယ်။
MNDAA ရဲ့ လားရှိုးမြို့သိမ်းပိုက်ရေး လုပ်ငန်းစဉ်ပြီးကတည်းက တရုတ်ထောက်လှမ်းရေးဟာ အဆိုပါအဖွဲ့အပေါ် ကြီးမားတဲ့ဖိအားပေးမှုတွေ ရှိခဲ့ပါတယ်။ နောက်ဆုံးမှာ MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကိုပါ ပြန်ပေးဆွဲခဲ့တယ်လို့တောင် သတင်းတွေ ထွက်လာပါတယ်။ MNDAA ဘက်က အပစ်အခတ်ရပ်စဲရေးကို သဘောတူပြီး လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်အပ်နှံပြီးမှသာ သူတို့ခေါင်းဆောင်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
အခုအခါမှာတော့ MNDAA ရဲ့ မဟာမိတ်ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကိုလည်း သီပေါနဲ့ ကျောက်မဲမြို့တွေကနေ ဆုတ်ခွာပေးဖို့ အလားတူဖိအားတွေ ပေးနေတယ်လို့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ အဲဒီမြို့နှစ်မြို့ဟာ တရုတ်နိုင်ငံကို ဘင်္ဂလားပင်လယ်အော်၊ အိန္ဒိယသမုဒ္ဒရာအထိ ကုန်းလမ်း-ပင်လယ်လမ်း ပေါက်စေမယ့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအတွက် အရေးပါတဲ့နေရာတွေ ဖြစ်ပါတယ်။
မြေရှားသတ္တု အပြိုင်လုခြင်း
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမြောက်ပိုင်းက မြေရှားသတ္တုတွင်းတွေကို ထိန်းချုပ်ထားတဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့လည်း တိုက်ရိုက်ဆက်ဆံနေပါတယ်။ တွင်းထွက်ပစ္စည်းပမာဏ တိုးမြှင့်ထုတ်လုပ်နိုင်ဖို့အတွက် သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်ဖို့ တော်လှန်ရေးအဖွဲ့တွေကို တရုတ်က ဖိအားပေး တိုက်တွန်းနေတဲ့အကြောင်း သိရပါတယ်။
တရုတ်ဟာ လေရဟတ်တွေ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေနဲ့ လျှပ်စစ်ကားတွေလို အရေးကြီး ကုန်ပစ္စည်းတွေမှာ သုံးတဲ့ သံလိုက်တွေအဖြစ် မြေရှားသတ္တုတွေကို သန့်စင်ထုတ်လုပ်ရာမှာ တဦးတည်းနီးပါး လက်ဝါးကြီးအုပ်ထားပါတယ်။ သိနည်းတဲ့အချက်ကတော့ တရုတ်ဟာ မြေရှားသတ္တုနဲ့ အောက်ဆိုဒ်တွေအတွက် မြန်မာနိုင်ငံကို အလွန်အမင်း မှီခိုနေရတာပါပဲ။ Reuters သတင်းဌာနက ကိုးကားထားတဲ့ တရုတ်အကောက်ခွန် အချက်အလက်တွေအရ တရုတ်ရဲ့ မြေရှားတင်သွင်းမှု ထက်ဝက်နီးပါးဟာ မြန်မာနိုင်ငံရဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဆီက ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပန်ဝါနဲ့ ချီဖွေမြို့တွေကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် အဲဒီဒေသက မြေရှားသတ္တုတွင်းအားလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တရုတ်ကုမ္ပဏီတွေရဲ့ မြေရှားသတ္တု တင်ပို့ရေးလမ်းကြောင်းဖြစ်တဲ့ နယ်စပ်ဂိတ်တွေကို KIA က ပိတ်လိုက်တဲ့အတွက် တရုတ်အစိုးရဟာ KIA ခေါင်းဆောင်တွေနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ ဖြစ်လာခဲ့ပါတယ်။
KIA ကို အပစ်အခတ်ရပ်စဲရေး သဘောတူဖို့ တရုတ်က ဖိအားပေးတာတွေ ရပ်တန့်လိုက်ပြီး နောက်မှာတော့ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ပေးခဲ့ပါတယ်။ ဒီနှစ် မတ်လတုန်းက Reuters သတင်းမှာ ဖော်ပြတဲ့ တရုတ်အကောက်ခွန် အချက်အလက်တွေအရ ခြောက်လအတွင်း တင်သွင်းမှုပမာဏဟာ ၉၀ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားခဲ့ပါတယ်။ ကချင်ပြည်နယ်ကို စစ်တပ် အုပ်ချုပ်မှုကနေ လွတ်မြောက်အောင် ကြိုးပမ်းနေတဲ့ KIA အတွက် အရေးပါတဲ့ ဘဏ္ဍာငွေ ရစေတဲ့အတွက် မြေရှားသတ္တုတင်သွင်းမှုတွေကို ပြန်လည်စတင်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
ကချင်ဒေသအတွက် အခြားရွေးချယ်စရာ
အခုအခါမှာတော့ တရုတ်ကုမ္ပဏီတွေဟာ တရုတ်နယ်စပ်နဲ့ ကီလိုမီတာ ၂၀၀ လောက်ဝေးတဲ့ မိုင်းဆတ်နဲ့ မိုင်းယွန်းမြို့တွေကြားမှာ အသစ်တွေ့ရှိထားတဲ့ မြေရှားသတ္တုတွင်းတွေကို လုပ်ကိုင်နေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
ဒီလုပ်ငန်းတွေကို လွန်ခဲ့တဲ့ ၂၅ နှစ်လုံး ဘေဂျင်းက လက်နက်တပ်ဆင်ပေးထားတဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ရဲ့ အကာအကွယ်အောက်မှာ သတ္တုတွင်းဝန်ထမ်းတွေ စေလွှတ်ပြီး လုပ်ဆောင်နေခဲ့တာပါ။ ‘ဝ’ နဲ့ ကိုးကန့်လူမျိုးတွေဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ တခန်းရပ်သွားတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ရဲ့ အဓိကခြေလျင်တပ်သားတွေအဖြစ် ပါဝင်ခဲ့ကြပါတယ်။
တရုတ်အစိုးရဟာ UWSA နဲ့ MNDAA တို့ကို ဆက်လက်ပြီး လက်နက် တပ်ဆင်ပေးနေတုန်းပါပဲ။ ဒါဟာ မြန်မာစစ်တပ်ကိုရော နယ်စပ်ဒေသက အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုပါ မွေးမြူထားတဲ့ “နှစ်ဖက်ခွ မူဝါဒ” တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
မြန်မာ့ မြေရှားသတ္တုလုပ်ငန်းဆိုင်ရာ ထိပ်တန်းကျွမ်းကျင်သူ ပက်ထရစ်မီဟန်ဟာ ရှမ်းပြည်နယ်က မြေရှားသတ္တုတွင်းတွေရဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို လေ့လာပြီးနောက် “အလတ်စားမှ အကြီးစား” အထိရှိတဲ့ သတ္တုတွင်းနေရာတွေဟာ ကချင်မြောက်ပိုင်းဒေသပြီးနောက် ပထမဆုံး တွေ့ရှိရတဲ့ အရေးပါတဲ့လုပ်ကွက်တွေ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ “မြေရှားသတ္တုကြောဟာ ကချင်ကိုဖြတ်ပြီး ရှမ်းပြည်၊ အဲ့ကတဆင့် လာအိုနိုင်ငံရဲ့ တချို့နေရာတွေအထိ ဆင်းသွားတယ်” လို့ ရိုက်တာကို ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ပြည်ပမှာ လည်ပတ်နေတဲ့ တရုတ်ကုမ္ပဏီတွေဟာ “ဒေသန္တရဥပဒေနဲ့ စည်းမျဉ်းတွေကို လိုက်နာပြီး လူမှုရေးတာဝန်တွေကို တက်ကြွစွာ ထမ်းဆောင်ရမယ်” လို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ နိုင်ငံတော်အစိုးရ ထိန်းချုပ်မှုမရှိတဲ့ ဒေသတွေမှာ ဘယ်လိုအစီအစဉ်တွေနဲ့ လုပ်ကိုင်နေသလဲဆိုတဲ့ အသေးစိတ်ကိုတော့ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ထားခြင်း မရှိပါဘူး။
UWSA ဟာ တရုတ်နဲ့ ပိုမိုနီးစပ်သလို လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခုအတွင်း မြန်မာစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခြင်း မရှိပါဘူး။ ဒါကြောင့် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက မြေရှားသတ္တုတွေကို ပိုမိုလွယ်ကူစွာ တူးဖော်နိုင်လိမ့်မယ်လို့ တရုတ်က ယူဆပါတယ်။ UWSA အနေနဲ့လည်း ဒါဟာ မူးယစ်ဆေးဝါးရောင်းဝယ်မှုကရတဲ့ ဝင်ငွေအပြင် တခြားသော ငွေရပေါက်ရလမ်းသစ် တခုအဖြစ် ရှုမြင်ထားပါလိမ့်မယ်။
ရခိုင်တွင် တရုတ်က မြန်မာစစ်တပ်ကို ကူညီ
နိုင်ငံအနောက်တောင်ဘက်က ရခိုင်ကမ်းရိုးတန်းပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ ယုံကြည်ရတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။ AA ဟာ ရခိုင်ပြည်နယ်က မြို့နယ် ၁၇ ခုအနက် ၁၄ ခုကို ထိန်းချုပ်ထားပါတယ်။ အခုအခါမှာတော့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ထားတဲ့ ရေနက်ဆိပ်ကမ်းနဲ့ တရုတ်ကုမ္ပဏီများစွာရှိရာ အထူးစီးပွားရေးဇုန် ကျောက်ဖြူမြို့ကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။ တရုတ်နိုင်ငံရဲ့ ယူနန်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ရေနံ-ဓာတ်ငွေ့ပိုက်လိုင်းဟာ တရုတ်က ရေနံချက်စက်ရုံဆောက်ထားတဲ့ ကျောက်ဖြူအလွန် မဒေးကျွန်းကနေ စတင်ပါတယ်။
နောက်ဆုံးရသတင်းတွေအရ AA တပ်ဖွဲ့ဝင်တွေဟာ ဆိပ်ကမ်းမြို့နဲ့ ငါးကီလိုမီတာလောက်သာ ကွာဝေးတဲ့ ကျောက်ဖြူ-ရမ်းဗြဲ ကားလမ်းပေါ်မှာ မြန်မာစစ်တပ်စခန်းတွေကို တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ မေလနှောင်းပိုင်းမှာ မြန်မာစစ်တပ်က ဗိုလ်မှူးချုပ်တဦးဟာ AA စနိုက်ပါသမားရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါတယ်။ ရေနံချက်စက်ရုံမှာ တာဝန်ကျနေတဲ့ တရုတ်လုံခြုံရေးအစောင့်တွေဟာ ဆိပ်ကမ်းမြို့ကို ကာကွယ်ဖို့အတွက် တိုက်ခိုက်ရေးဒရုန်းတွေ လွှတ်တင်ရာမှာ မြန်မာစစ်တပ်ကို ကူညီပေးနေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။
ဒီနှစ်အစောပိုင်းမှာ စစ်ကောင်စီဟာ ဥပဒေအသစ်တရပ်ကို ပြဋ္ဌာန်းပြီး အဲဒီဥပဒေအရ တရုတ်ပိုင် အဆောက်အအုံတွေကို တရုတ်လုံခြုံရေးဝန်ထမ်းတွေကိုယ်တိုင် စောင့်ရှောက်ခွင့် ပြုခဲ့ပါတယ်။ ဒီလုံခြုံရေးဝန်ထမ်းအများစုဟာ စစ်မှုထမ်းဟောင်းတွေလို့ ယူဆရပါတယ်။
အိန္ဒိယအတွက် သက်ရောက်မှုများ
တရုတ်နိုင်ငံဟာ ‘ဝ’ (UWSA) နဲ့ ကိုးကန့် (MNDAA) လက်နက်ကိုင်အဖွဲ့တွေလောက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ အာရက္ခတပ်တော် (AA) လို အဖွဲ့တွေအပေါ် သြဇာလွှမ်းမိုးမှု မရှိပါဘူး။
အကယ်၍ မြန်မာစစ်တပ်ဟာ နောက်ထပ် စစ်ရေးအရ ရှုံးနိမ့်မှုတွေ ကြုံတွေ့ရမယ်ဆိုရင်၊ အထူးသဖြင့် ကျောက်ဖြူမြို့ကို လက်လွှတ်ရတော့မယ့် အခြေအနေမျိုးဖြစ်လာရင် တရုတ်လုံခြုံရေးဝန်ထမ်းတွေဟာ တိုက်ပွဲထဲကို တိုက်ရိုက်ပါဝင်လာနိုင်ပါတယ်။ စစ်ကောင်စီ ပြိုလဲမသွားအောင် အသည်းအသန် ကာကွယ်နေတဲ့ တရုတ်အစိုးရအတွက် လုံခြုံရေးအစောင့်အဖြစ် အယောင်ဆောင်ထားတဲ့ တရုတ်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို အရေအတွက်များများနဲ့ စေလွှတ်လာနိုင်ခြေ ရှိပါတယ်။
အနောက်နိုင်ငံသား ကြေးစားစစ်သားတချို့ဟာလည်း တော်လှန်ရေးအဖွဲ့တွေနဲ့အတူ တိုက်ခိုက်ဖို့ မြန်မာနိုင်ငံထဲကို ဝင်ရောက်နေကြပါပြီ။ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူ လားလ်ဒူဟိုးမားကလည်း “သူ့ပြည်နယ်ကနေတဆင့် မြန်မာနိုင်ငံထဲကို ဝင်ရောက်လာတဲ့ အနောက်တိုင်းသား ကြေးစားစစ်သား အများအပြားဟာ ယူကရိန်းမှာ တိုက်ခိုက်ခဲ့ဖူးသူတွေဖြစ်ကြောင်း” ပြည်နယ်လွှတ်တော်မှာ ဝန်ခံပြောကြားခဲ့ပါတယ်။
အမေရိကန်က ဘင်္ဂလားဒေ့ရှ်-ရခိုင် ထောက်ပံ့ရေးစင်္ကြံကို စိတ်ဝင်စားနေတာဟာ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးအဖွဲ့တွေကို အားပေးကူညီဖို့ ဖြစ်နိုင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် တရုတ်နိုင်ငံရဲ့ အရေးတကြီး လိုအပ်နေတဲ့ ပင်လယ်ထွက်ပေါက်ကို ပိတ်ဆို့လိုက်နိုင်မှာ ဖြစ်ပါတယ်။
အခုလို မြန်မာနိုင်ငံကို ဗဟိုပြုတဲ့ တရုတ်-အမေရိကန် ပြိုင်ဆိုင်မှုတွေ ကြီးထွားလာတဲ့ အခြေအနေမှာ အိန္ဒိယနိုင်ငံအနေနဲ့ လက်ပိုက်ကြည့်နေလို့ မရတော့ပါဘူး။ ထိလွယ်ရှလွယ်တဲ့အပြင် ရှည်လျားတဲ့ ကုန်းပိုင်း၊ ရေပိုင်း နယ်နိမိတ်ချင်း ထိစပ်နေတာကြောင့် မတည်မငြိမ်ဖြစ်နေတဲ့ အိမ်နီးချင်းနိုင်ငံရဲ့ (မြန်မာနိုင်ငံ) အခြေအနေအသစ်ကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာ ဆုံးဖြတ်ချက်ချရတော့မယ့်အချိန် ရောက်ရှိလာပြီ ဖြစ်ပါတယ်။
ဆူဘီရာ ဘောင်းမခ်
Ref: Eurasia Review
(ဆူဘီရာ ဘောင်းမခ်သည် BBC နှင့် Reuters သတင်းဌာနတို့ရဲ့ သတင်းထောက်ဟောင်းဖြစ်ပြီး တောင်အာရှဒေသ ပဋိပက္ခများအကြောင်း စာအုပ်များ ရေးသားခဲ့သူတဦးလည်း ဖြစ်ပါသည်။)