
မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်း အုန်းကိုင်းရပ်ကွက်ကို စစ်ကောင်စီတပ်က ဇွန် ၂၅ ရက် ညပိုင်းမှာ လေကြောင်းဗုံးကြဲခဲ့တာကြောင့် ကလေးအပါအဝင် ပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရပ်ကွက်နေ ဒေသခံတယောက်က “အုန်းကိုင်းရပ်ကွက် ဘုန်းကြီးကျောင်းနားက အိမ်ပေါ် တည့်တည့်ကျတာ။ ဗုံးကွဲပြီးမှ လေယာဥ်သံကြားရတယ်။ အိမ်ဆို အကုန်ပြိုသွားတာ၊ အဲ့အိမ်မှာ လူမနေလို့ တော်သေးတယ်” လို့ ပြောပါတယ်။
အုန်းကိုင်းရပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတာကြောင့် အမျိုးသား ၂ ယောက်နဲ့ ကလေးတယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး လက်ရှိ ဆေးရုံပို့ဆောင်ကာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
လေကြောင်းဗုံးကြဲခံရမှုကြောင့် အုန်းကိုင်းရပ်ကွက် ဘုန်းကြီးကျောင်း ဆွမ်းစားဆောင် ပျက်စီးသွားပြီး အနီးနား နေအိမ်တွေလည်း ထိခိုက်ပျက်စီးမှုရှိတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့ကို ၂၀၂၄ ဇူလိုင် ၂၄ ရက်ကစပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။