
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ရွှေသွန်းကျေးရွာအနီးတဝိုက်ကို စစ်ကောင်စီက ဇွန် ၂၄ ရက် တရက်တည်းမှာ ဗုံးအလုံး ၈၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ DPLF/DPLA က ဇွန် ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ရွှေသွန်းကျေးရွာအနီးတဝိုက်မှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
DPLA ရဲ့ ပြောရေးဆိုခွင့်ရှိသူက "သူတို့အပစ်ခတ်ရပ် ကြေညာပြီးနောက်ပိုင်းမှာ ဒီတကြိမ်ကတော့ ဗုံးကြဲတာ အများဆုံးပေါ့နော်။ ဂျက်ဖိုက်တာ ၃ စီးနဲ့ ကြဲတာရှိတယ်၊ ပြီးတော့ Y-12 ၃ စီးနဲ့ ကြဲတာရှိတယ်။ တိုက်ပွဲက တော်တော်လေး ပြင်းထန်တဲ့အနေအထားမှာ ရှိတယ်ဗျ။ ခုလက်ရှိ နှစ်ဘက်ဆိုင်ထားတဲ့ အနေအထားရှိနေတယ်ဗျ” လို့ ပြောပါတယ်။
ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က နေ့လယ် ၁၂ နာရီခွဲလောက်မှာ လက်နက်ငယ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ ထိုးစစ်ဆင်လာရာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေ့လယ် ၂ နာရီကျော်လောက်မှာ တိုက်ပွဲ ပြီးဆုံးခဲ့တယ်လို့ ပြောပါတယ်။
မနက်ပိုင်း ၉ နာရီ ၁၉ မိနစ်ကနေ ၁၀ နာရီ ၇ မိနစ်အတွင်း Y-12 လေယာဥ်နဲ့ ဗုံး ၂၂ လုံး၊ ၉ နာရီမှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး၊ နေ့လယ် ၁ နာရီ ၅၉ မိနစ်မှာ ပေါင် ၅၀၀ ဗုံး ၁ လုံး၊ ၁ နာရီ ၅၄ မိနစ်ကနေ ၂ နာရီ ၁၉ မိနစ်မှာ Y-12 နဲ့ ဗုံး ၃၃ လုံး၊ ညနေ ၆ နာရီ ၅၁ ကနေ ၇ နာရီ ၁၄ မိနစ်အတွင်း Y-12 နဲ့ ဗုံး ၂၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အနီးအနားက ကျေးရွာပြည်သူတွေက လွန်ခဲ့တဲ့ တပတ်ကျော်ကတည်းက စစ်ရှောင်နေကြတာဖြစ်လို့ အထိအခိုက်မရှိပေမဲ့ နေအိမ် ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
TNLA၊ DPLA နဲ့ စစ်ကောင်စီတပ်ကြား လက်ရှိ စစ်အေခြေအနေ တင်းမာနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာ၊ လေကြောင်းကနေ ဗုံးကြဲတာတွေ ပြုလုပ်ပြီး နောင်ချိုမြို့ အနီးတဝိုက်ကို ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။