DVB Logo
Home
မြန်မာသတင်း
ကရင်နီစစ်ရှောင်များ ရိက္ခာပြတ်လပ်နေ 
DVB
·
June 25, 2025
ကရင်နီစစ်ရှောင်များ ရိက္ခာပြတ်လပ်နေ 
Donate to DVB

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ ကုန်စျေးနှုန်းတွေ မြင့်တက်လာသလို စစ်ရှောင်တွေအတွက် အလှူရှင်တွေ နည်းပါးလာတဲ့ပြီး တောတွင်းမှာ အလေ့ကျပေါက်တဲ့ ဟင်းသီးဟင်းရွက်တွေပါ ရှားပါးလာတာကြောင့် ဒေသခံတွေ အခက်အခဲတွေပိုပြီး ရင်ဆိုင်နေကြရပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီက ကုန်စည်လမ်းကြောင်းတွေ ပိတ်ထားတာကြောင့်  ကုန်ပစ္စည်းတွေ စျေးနှုန်းမြင့်တက်နေလို့ စစ်ဘေးရှောင်ပြည်သူတွေနဲ့ စစ်ရှောင်အရေးကူညီပေး သူတွေအတွက် အခက်အခဲတွေ ကြုံနေရပါတယ်။

ပြီးခဲ့တဲ ဇွန်လအစကတည်းက ကားလမ်းတွေ ပိတ်ဆို့ခံရလို့ ကုန်စျေးနှုန်းတွေ မြင့်တက်နေပြီး ၂ ဆနီးပါးစျေးတက်တာတွေရှိသလို တချို့ပစ္စည်းတွေ ဝယ်ယူဖို့ အခက်အခဲရှိတာ​တွေလည်း ကြုံနေရတာကြောင့် ဆန်ပြုတ်စားရတာတွေလည်း ရှိနေပါတယ်။ 

ဒီလိုစားနပ်ရိက္ခာပြတ်လပ်မှုတွေကြားမှာ တောတွင်း အလေ့ကျပေါက်တဲ့ ဟင်းသီးဟင်းရွက်တွေပါ ရှာဖို့ခက်လာတယ်လို့ စစ်ရှောင်အမျိုးသမီး မူနန်းက ပြောပြပါတယ်။

"စစ်ရှောင်စခန်းမှာဆိုရင် ကုန်စျေးနှုန်းကြောင့် ဆီပြတ်လပ်မှုကြောင့် အလှူရှင်အရောက်နည်းတယ်။ စားဝတ်နေရေးအတွက် ရုန်းကန်ရမယ်ဆိုရင်လည်း စစ်ရှောင်တာကတောထဲ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့နေရာဖြစ်လို့ ဆန်တွေဆိုရင် ချေးငှားစားသောက်ရတယ်။ တချို့ဆို ဆန်ပြုတ်တောင်ချက်စားရတယ်။ တောထဲမှာဆိုရင် တခြားဟာရှာစားဖို့ဆိုလည်း စားလို့ရတဲ့ အသီးတွေအရွက်တွေက ရှားပါးတယ်။"

စစ်ရှောင်စခန်းတခုမှာ စစ်ဘေးရှောင်ပြည်သူ အနည်းဆုံး အယောက် ၁၀၀ ကျော်ကနေ ၄၀၀ ကျော်အထိရှိနေပြီး လွန်ခဲ့တဲ့ တနှစ်ကျော်လောက်ကတည်းက တနေ့ကို ထမင်း နပ်မှန်အောင်မနည်းစားနေရတယ်လို့လည်း စစ်ရှောင်တွေက ဆိုပါတယ်။

အခြေခံစားကုန်တွေထဲက ဆားတထုပ်ကို ကျပ် ၅၀၀ - ၆၀၀ ကနေ ကျပ် ၂,၀၀၀ ၊ အာလူးတပိဿာ ကျပ် ၆,၀၀၀- ၇,၀၀၀ ကနေ ၁၀,၀၀၀ ၊ ပန်းမုန်လာအပွင့်သေးတပွင့်ကို ကျပ် ၁,၀၀၀ ကနေ ၂,၀၀၀ ၊ စားသုံးဆီ ၉၅ ကျပ်သားတဘူးကို ကျပ် ၁၈,၀၀၀ ကနေ ၂၁,၀၀၀ အထိ မြင့်တင်လာပြီး ဆား ပြတ်လပ်တာတွေလည်း ရှိနေတာပါ။

စစ်ရှောင်အရေး ကူညီပေးသူ မေရီဟန်က "စစ်ရှောင်ကူတဲ့အခါ ဘာအခက်အခဲ ကြုံရလဲဆိုတော့ ပစ္စည်းတွေ ပြတ်တာပေါ့နော်။ ကိုလိုချင်တဲ့ပစ္စည်းတွေက လိုချင်သလောက်မရနိုင်ဘူး၊ ပြီးတော့ ကုန်စျေးနှုန်းတွေက ၂ ဆလောက်တက်နေတော့ ရတဲ့အလှူငွေနဲ့ စခန်း တခုလောက်အောင်လှူဖို့ဆိုတာ တော်တော်လေးကို ခက်ခဲသွားတယ်။ အရင်ကဆို လိုချင်တဲ့ပစ္စည်း လှူချင်တဲ့ပစ္စည်းကို စိတ်ကြိုက်လိုသလောက် ဝယ်လို့ရတယ်။ ခုကတော့ ဒီ စခန်းမှာရှိတဲ့သူ ဘယ်နှဆယ်စာ ပြည့်ဖို့ အရေးတော်တော်လေးလည်းရှာရတယ်။ တခါတလေ ဒီဘက်စျေးမှာမရဘူးဆို ဟိုးဘက် အဝေးကို ဆိုင်တို့ ရွာတွေထိ ခက်ခက်ခဲခဲရှာရတယ်ဆိုရင် ဆီဖိုးတွေ ကုန်တယ်ပေါ့နော်"လို့ ပြောပါတယ်။

ကရင်နီပြည်မှာ စစ်ဘေးရှောင်ပြည်သူ ၃၀၀,၀၀၀ ကျော်ရှိနေပြီး စစ်ရှောင်ကာလ ၄ နှစ် ကျော်လာတဲ့အပြင် အလှူရှင်နည်းပါးလာတာ ကုန်စျေးနှုန်းမြင့်တက်လာတာတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေ အခက်အခဲကြုံနေရတာပါ။

ဒါ့အပြင်စီးပွားရေးလုပ်ကိုင်စားသောက်ဖို့ နေရာမရှိတာ၊ ရင်းနှီးငွေ မရှိတာတွေကြောင့် ဆွေမျိုးတွေနားက ချေးငှားစားသောက်ပြီး ဖြတ်သန်းနေရတယ်လို့ သိရပါတယ်။

နှင်းနှင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013