DVB Logo
Home
မြန်မာသတင်း
ထီးလင်းရဲစခန်းမှ အကျဉ်းသားထွက်ပြေးသည့်ကိစ္စ စစ်တပ်ကရိုက်နှက်စစ်ဆေးသဖြင့် ရဲ ၂ ဦး သေဆုံး
DVB
·
June 25, 2025
ထီးလင်းရဲစခန်းမှ အကျဉ်းသားထွက်ပြေးသည့်ကိစ္စ စစ်တပ်ကရိုက်နှက်စစ်ဆေးသဖြင့် ရဲ ၂ ဦး သေဆုံး
Donate to DVB

မကွေးတိုင်း၊ ထီးလင်းမြို့မရဲစခန်းကနေ ဇွန် ၁၇ ရက်က နိုင်ငံရေးမှုနဲ့ ဖမ်းဆီးခံထားရသူတွေအပါအဝင် ၁၃ ယောက် ထွက်ပြေးလွတ်မြောက်သွားတာကြောင့် အချုပ်ခန်းစောင့် ရဲတပ်ဖွဲ့ဝင်တွေကို စစ်တပ်က ရိုက်နှက်စစ်ဆေးရာမှာ လက်လွန်ပြီး ရဲတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ကနေ သိရပါတယ်။

ဇွန်လ ၁၈ ရက်ရိုက်နှက်နှိပ်စက်ခံရတာကြောင့် ရဲတပ်ကြပ် ကျော်ဆန်းထွေးနဲ့ ရဲတပ်ကြပ် မြင့်အောင် တို့ သေဆုံးသွားပြီး ဇွန် ၂၃ ရက်မှ သိရှိခဲ့တာလို့ ဆိုပါတယ်။

ယောအလင်းတန်းအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မင်းဒဿက “ထီးလင်းက ဒုဗိုလ်မှူးထိန်လင်းက ရဲစခန်းကိုရောက်လာပြီးတော့ အချုပ်ခန်းစောင့်ရဲတွေကိုခေါ်ပြီး ရိုက်နှက်စစ်ဆေးခဲ့တယ်။ အချုပ်ခန်းစောင့်ရဲ ၅ ယောက်မှာ ၂ ယောက်ကတော့ ရိုက်နှက်ခံရလို့ လက်လွန်ပြီး သေသွားတယ်။ ၃ ယော​က်ကတော့ အချုပ်ထဲထည့်ထားတယ်”လို့ ပြောပါတယ်။

ရိုက်နှက်စစ်ဆေးမှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ DVB က ထီးလင်းမြို့မရဲစခန်းကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

နိုင်ငံရေးမှုနဲ့ ဖမ်းဆီးခံထားရသူတွေအပါအဝင် ၁၃ ယောက်ဟာ ပြီးခဲ့တဲ့ ဇွန် ၁၇ ရက် ညက ထီးလင်းမြို့မရဲစခန်း အချုပ်ထောင်ကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ကြတာလို့ ထီးလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဘုန်းက ပြောပါတယ်။

“တော်လှန်ရေးကာလအတွင်း မတရားဖမ်းဆီးခံရပြီးတော့ ထီးလင်းမြို့မရဲစခန်း အချုပ်ထောင်မှာ ချုပ်နှောင်ခံထားရတဲ့ အချုပ်သား ၁၃ ယောက်ပါ။ ထွက်ပြေးလာကြတာက ၅ ယောက်တဖွဲ့က ၂ ဖွဲ့၊ ၃ ယောက်က တဖွဲ့ဆိုပြီးတော့ အဖွဲ့တွေခွဲပြီး ထွက်ပြေးလာကြတာ။ အဲဒီထဲမှာမှ နိုင်ငံရေးမှုနဲ့ အချုပ်ခံထားရပြီးတော့ မိုင်းနင်းမိပြီး ကျသွားတဲ့ အသက် ၅၀ လောက်အမျိုးသမီးပါတဲ့ ၅ ယောက်အဖွဲ့က မြို့ပြင်မှာ စစ်တပ်က ထောင်ထားတဲ့မိုင်းကို တည့်တည့်နင်းမိတာပါ။ ကျန်တဲ့ ၄ ယောက်ကတော့ ဒဏ်ရာတွေရတယ်။ ဒဏ်ရာရတဲ့ ၄ ယောက်ကို လွတ်​မြောက်နယ်မြေတခုက ဆေခန်းမှာ ဆေးကုပေးခဲ့တယ်။ ဒဏ်ရာရသူတွေလည်း သက်သာလာလို့ ၁၂ ယောက်လုံးကို သူတို့တွေ သွားချင်တဲ့နေရာတွေကို ပို့ဆောင်ပေးပြီးပြီ။ အားလုံးအဆင်ပြေကြပါတယ်။” 

မိုင်းနင်းမိပြီး ကျဆုံးသွားတဲ့ အမျိုးသမီးကိုတော့ ဇွန် ၁၈ ရက်က ထီးလင်းမြို့နယ် ပအဖ နဲ့ ပကဖ အဖွဲ့ဝင်တွေက သယ်ယူပြီး မီးသင်္ဂြိုဟ်ပေးခဲ့ကြ ပါတယ်။

စစ်ကောင်စီက ထီးလင်းမြို့ပေါ်ကိုသာ ထိန်းချုပ်ထားပြီး ကျေးရွာအများစုကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိန်းချုပ်စိုးမိုးထားနိုင်နေပြီလို့ ထီးလင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013