Home
နိုင်ငံတကာ
ကာတာရှိ အမေရိကန်အခြေစိုက်စခန်းကို အီရန်တိုက်ခိုက်မှု အီရတ်တွင် အောင်ပွဲခံ 
DVB
·
June 25, 2025
Photo: MOHAMMED ATY/REUTERS

ကာတာနိုင်ငံ၊ အယ်လ်အူဒိတ် အမေရိကန်လေတပ်စခန်းကို အီရန်က တိုက်ခိုက်ပြီးတဲ့နောက် ဇွန် ၂၃ ရက်မှာ ရှီးယိုက်လက်နက်ကိုင်အဖွဲ့ ခါတစ်ဘ်ဆေးယစ်ဒ် အယ်လ်ရှုဟာဒါကို ထောက်ခံသူတွေ က အီရတ်နိုင်ငံ ဘတ်စ်ရာမြို့ရဲ့  လမ်းမတွေပေါ်မှာ အောင်ပွဲခံခဲ့ကြပါတယ်။

အီရန်အစိုးရက သူ့ရဲ့ နျူကလီးယား စက်ရုံနေရာတွေကို အမေရိကန်က လေကြောင်း တိုက်ခိုက်မှု အတွက် လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီးတဲ့နောက် ကာတာနိုင်ငံ ဒိုဟာမြို့တော်အနှံ့ ပေါက်ကွဲသံတွေ ကြားခဲ့ရတာပါ။ အဲဒီနောက် အီရန်စစ်တပ်က ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ တနင်္လာနေ့က ပြောပါတယ်။

အီရန်စစ်တပ်ရဲ့ တိုက်ခိုက်မှုက ဆိုးရွားပြင်းထန်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပေမဲ့ အရှေ့အလယ်ပိုင်းက အကြီးဆုံး အမေရိကန် လေတပ်စခန်းကို တိုက်ခိုက်ရာမှာ အမေရိကန် တပ်ဖွဲ့ဝင်တွေ သေဆုံး၊ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ပြောခဲ့ပါတယ်။

လက်တုံ့မပြန်ဖို့နဲ့ တကယ်လို့ လက်တုံ့ပြန်ခဲ့ရင် အမေရိကန်ရဲ့ ကြီးမားတဲ့ စစ်ရေး အရေးယူ ဆောင်ရွက်ချက်ကို ရင်ဆိုင်ရမယ်လို့ အီရန်ကို အမေရိကန်အစိုးရက သတိပေးထားပေမဲ့ အီရန် အစိုးရက မတိုက်ခင်  နာရီပိုင်း အလိုမှာ သံတမန်လမ်းကြောင်း နှစ်ခုကတဆင့် ကာတာ အာဏာပိုင်တွေနဲ့ အမေရိကန်ကို အကြောင်းကြားခဲ့တယ်လို့  ဒေသဆိုင်ရာ အကြီးတန်း သတင်းရင်းမြစ် တခုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အရှေ့အလယ်ပိုင်းမှာ အကြီးဆုံး အမေရိကန်စစ်တပ် တပ်ချထားတဲ့ အယ်လ်အူဒိတ် လေတပ် အခြေစိုက်စခန်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ကြားဖြတ်ဟန့်တားခဲ့တယ်လို့ ကာတာကာကွယ်ရေးဝန်ကြီးက အယ်လ်ဂျာဇီးယားသတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အီရန်မြို့တော် တီဟီရန်ကို အစ္စရေးက ပစ်မှတ်ထားတဲ့ လေကြောင်းစစ်ပွဲမှာ ပါဝင်ဆင်နွှဲခဲ့တဲ့ အမေရိကန် ဗုံးကြဲလေယာဉ်တွေက ပေါင် ၃၀,၀၀၀ အလေးချိန်ရှိတဲ့ ကတုတ်ကျင်း ဖောက်ခွဲရေးဗုံးတွေကို အီရန်ရဲ့ မြေအောက် နျူကလီးယား စက်ရုံတွေပေါ် ကြဲချ ခဲ့ပြီးတဲ့နောက် အမေရိကန်ကို လက်တုံ့ပြန်မယ်လို့ အီရန်က ခြိမ်းခြောက် ခဲ့ပါတယ်။

အီရန်ရဲ့ ယူရေနီယံ သန့်စင်ရေး အစီအစဉ်ကို အမေရိကန်က မကြုံစဖူး လေကြောင်း တိုက်ခိုက်မှု အပြီး မကြာမီ ပင်လယ်ကွေ့နိုင်ငံထဲက အမေရိကန် စစ်အခြေစိုက် စခန်းအပေါ် သေချာတဲ့ ခြိမ်းခြောက်မှု ရှိလာပြီလို့ အနောက်နိုင်ငံ သံတမန် တဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

Source:Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024