DVB Logo
Home
မြန်မာသတင်း
ပခုက္ကူ၊ စဥ့်ကူးနှင့်မတ္တရာကို စစ်တပ်က ဗုံးကြဲ၊ ပြည်သူအချို့ သေဆုံးဒဏ်ရာရ
DVB
·
June 25, 2025
ပခုက္ကူ၊ စဥ့်ကူးနှင့်မတ္တရာကို စစ်တပ်က ဗုံးကြဲ၊ ပြည်သူအချို့ သေဆုံးဒဏ်ရာရ
1 / 7
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဇွန် ၂၄ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲချခဲ့တာကြောင့် ဘုန်းကြီးကျောင်း ကျောင်းဆောင်တွေပျက်စီးကာ ကျောင်းထိုင်ဆရာတော်နဲ့ ကလေးငယ်တယောက်အပါအဝင် ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူလူထုတိုက်ပွဲကော်မတီရဲ့ပြောရေးဆိုခွင့်ရှိသူ ကိုစိုးထွဋ် က ပြောပါတယ်။ 

“ပခုက္ကူ ကျွန်းချောင်းစက်ရုံနားက မြို့စိုးရွာကို ဗုံးကြဲသွားတာပါ။ ဂျက်ဖိုက်တာနဲ့ကြဲတာ ပေါင် ၂၅၀ လို့ ယူဆရပါတယ်။ အဲဒီဗုံးက အဲ့ဒီရွာဘုန်းကြီးကျောင်းပေါ် အတည့်ကျပြီးတော့ ကျောင်းဆောင်တွေ ပျက်စီးကုန်တယ်။ ကျောင်းထိုင်ဆရာတော်ရယ်၊ ၁၃ နှစ်အရွယ် ကလေးမလေးတယောက်နဲ့ နောက်ထပ် အမျိုးသားတယောက်တို့ ဒဏ်ရာရတယ်။ ၃ ယောက်လုံး စိုးရိမ်ရတဲ့ အခြေအနေမရှိဘူးလို့ သိရပါတယ်။”

တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ ဗုံးကြဲခံရတာကြောင့် မြို့စိုးကျေးရွာပြည်သူတွေ  ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေါင်းရင်သွေးပြောက်ကျားတပ်ဖွဲ့ (DYT) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဘားမား က ပြောပါတယ်။

“အခုဗုံးကြဲခံရတဲ့ မြို့စိုးရွာနားမှာ မြေပြင်တိုက်ပွဲဖြစ်တာမရှိပါဘူး။ ဘလိုင်းကြီး ဗုံးကြဲခံလိုက်ရတော့ အဲဒီရွာသားတွေ ကြောက်လို့ထွက်ပြေးကြပြီ။ ၈၀၀ နဲ့ ၁၀၀၀ ကြားတော့ ရှိမယ်။ ဒီဘက်ပိုင်း ​ပခုက္ကူနဲ့ ပေါက်ကြားပေါ့။ အထူးသဖြင့်တော့ မြစ်ခြေနဲ့ ကျွန်းချောင်းနယ်တကျောကို အခုရက်ပိုင်းမှာ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မယ့် အတွင်းသတင်းတွေလည်း ရထားတော့ ရွာထဲပြန်မဝင်ရဲကြသေးဘူး။”

အခုလဆန်းပိုင်းကတည်းက ပခုက္ကူကနေ ပေါက်မြို့နယ်ထဲကိုထွက်လာတဲ့ ရိက္ခာပို့ စစ်ကောင်စီစစ်ကြောင်းဟာ လမ်းတလျှောက်က ကျေးရွာတွေကို ဝင်ရောက်စီးနင်းတာတွေ ပြုလုပ်နေလို့ ​တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်း စဉ့်ကူးနဲ့မတ္တရာမြို့နယ်တွေက ကျေးရွာ ၂ ရွာကိုလည်း စစ်ကောင်စီက ဇွန် ၂၃ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတယောက် သေဆုံး၊ တယောက်ဒဏ်ရာရပြီး နေအိမ်တလုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက  သိရပါတယ်။

စဉ်ကူးမြို့နယ် ထုံးကြီးရွာကို ဇွန် ၂၃ ရက် ညနေ ၄ နာရီကျော်လောက်မှာ စစ်တပ်က ပထမကြိမ် ဗုံးကြဲတိုက်ခိုက်တာလို့ စဉ့်ကူးဒေသခံတယောက်က ပြောပါတယ်။

“ထုံးကြီးရွာ မြစ်ကမ်းဘေးကို ကြဲချတာလို့တော့ သိထားရတယ်ဗျ။ လူအထိအခိုက်ကလည်း များနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ မြစ်ကမ်းက ဈေးဆိုင်တွေရောလေ။ အဲနေရာက လူစည်ကားရာ နေရာလည်းဖြစ်တယ်။”

စဉ်ကူမြို့နယ် ထုံးကြီးရွာဟာ ဧရာဝတီမြစ်ကမ်းဘေးမှာတည်ရှိတဲ့ ကျေးရွာဖြစ်သလို ဧရာဝတီမြစ်အတွင်း သွားလာနေတဲ့ မော်တော်၊ စက်လှေအားလုံးနီးပါး ခရီးတဆင့်နားရာ နေရာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေး ရဲဘော်တယောက်က “ကြဲချတာက ရွာရဲ့ မြောက်ဘက်လယ်ကွင်းအနီးကို လေကြောင်းကနေ ဗုံးကြဲချသွားတာဗျ။ ပြည်သူအမျိုးသမီးတဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရခဲ့တယ်” လို့ ပြောပါတယ်။

အလားတူ မတ္တရာမြို့နယ် ဥက္ကံကျေးရွာဝန်းကျင်ကိုလည်း စစ်တပ်က ဇွန် ၂၃ ရက် ည ၉ နာရီကျော်လောက်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ မတ္တရာဒေသခံတယောက်က ပြောပါတယ်။

“ဥက္ကံကျေးရွာရဲ့ မြောက်ဘက်ထိပ်၊ ကတ္တရာလမ်း အနောက်ဘက်က အရက်ဆိုင် နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၇ ခန့် အမျိုးသမီးတဦး ထိမှန်သေဆုံးခဲ့ပြီး သုံးပင်နှစ်ခန်းတွဲ လူနေအိမ်တလုံး ပျက်စီးသွားတယ်ဗျ။” 

ဥက္ကကျေးရွာဟာ မတ္တရာမြို့ရဲ့ မြောက်ဘက် ၉ မိုင်ခန့် အကွာအဝေးရှိပြီး စစ်ကောင်စီတပ်က မိတ္ထီလာ၊ ရှမ်းတဲလေတပ်ကနေ ဂျက်ဖိုက်တာနဲ့ လာရောက်ပစ်ခတ်သွားတာလို့ ပြင်ဦးလွင်ခရိုင် ပကဖ အဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013