မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ အမှတ် ၂ ရပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးသီး ၂ လုံးကြဲချပြီး တိုက်ခိုက်ခဲ့တဲ့အတွက် ရှေးဟောင်းသမိုင်းဝင် ဘုရားတဆူ ဖြစ်တဲ့ ရှင်ပင်သာဒွန်းဦး ဘုရားဝင်းအတွင်း ကျရောက်ပြီး သာသနိကအဆောက်အအုံ ပြိုကျပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နွားထိုးကြီးမြို့၊ အမှတ် ၂ ရပ်ကွက်ထဲမှာ တည်ထားကိုးကွယ်တဲ့ ရှေးဟောင်းသမိုင်းဝင် ရှင်ပင်သာဒွန်းဦးဘုရားကို ဇွန် ၂၃ ရက် ည ၁၂ နာရီကျော်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ဘုရားတံတိုင်းနဲ့ အဆောက်အအုံတွေ ပြိုကျပျက်စီးသွားတယ်လို့ ဆိုပါတယ်။
နွားထိုးကြီးမြို့ပေါ် နေထိုင်သူတယောက်က “ဘုရားထဲက ရှင်ပင်သာဒွန်းဦး သိမ်ကျောင်းပေါ်ကို လေယာဥ်နဲ့ ဗုံးကြဲတဲ့အတွက် ဗုံးကျရောက်ပေါက်ကွဲပြီး ရှေးဟောင်းဘုရားစေတီပုထိုးတွေနဲ့ ဘုရားထဲက ကျောင်းဆောင်တွေပါ ထိခိုက်ပျက်စီးကုန်တယ်။ လူထိခိုက် သေဆုံးမှုတော့ မရှိဘူး။ သာသနိက အဆောက်အအုံတွေနဲ့ ရှေးဟောင်းစေတီပုထိုးတွေ ပျက်စီးခဲ့ရတယ်” လို့ ပြောပါတယ်။
နွားထိုးကြီးမြို့သူမြို့သားတွေ အဓိကကိုးကွယ်နေတဲ့ ရှင်မင်သာဒွန်းဦးစေတီကို ဘုံ ၇ ဆင့်နဲ့ သစ်သားပြာသာဒ်တော်နဲ့ ငုံပြီးတည်ထားကာ စေတီတော်ကို ငုံထားတဲ့ ဘုံပြာသာဒ်တော်ကြီးကို သစ်သားတိုင်လုံးပေါင်း ၅၉ တိုင်နဲ့ တည်ဆောက်ထားတယ်လို့ သိရပါတယ်။