DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ်ကို စစ်တပ်က ဗုံးကြဲ၊ ပလဖ ဒုတာဝန်ခံ အပါအဝင် ၅ ဦးသေဆုံး 
DVB
·
June 24, 2025
ပေါက်မြို့နယ်ကို စစ်တပ်က ဗုံးကြဲ၊ ပလဖ ဒုတာဝန်ခံ အပါအဝင် ၅ ဦးသေဆုံး 
1 / 2
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ကျေးရွာတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို စစ်ကောင်စီတပ်က ဇွန် ၂၃ ရက် မနက် ၇ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပေါက်မြို့နယ် ပလဖ ဒုတာဝန်ခံ အပါအဝင် ၅ ယောက်ထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရသွားပါတယ်။

ပေါက် တောင်ပိုင်းနဲ့ အနောက်တောင်ပိုင်းမှာရှိကြတဲ့ သက္ကကျင်း၊ ဘို့မယ်၊ ရေကျော်၊ လက်ပံလှ၊ ကင်းမ၊ ဝန်ခြုံးနဲ့ ကျောက်ခွက်ရွာတွေနဲ့ အနီးအနားရွာတွေက စစ်ဘေးရှောင်စခန်းတွေကို ဗုံးကြဲသွားတာလို့ Successful Force - Pauk ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောပါတယ်။

“တရွာပြီးတရွာ ဆက်တိုက်ကြဲသွားတာပါ။ အလုံး ၂၀ ထက်မနည်းပါဘူး။ ဘို့မယ်ရွာစစ်ရှောင်စခန်းက ပေါက် ပလဖ ဒုတာဝန်ခံနဲ့ သူ့အမျိုးသမီးဆိုတော့ ၂ ယောက်၊ သက္ကကျင်းရွာကလည်း အသက် ၅၀ ကျော် အမျိုးသားနဲ့ အမျိုးသမီး ၂ ယောက်၊ ရေကျော်ရွာက အသက် ၄၀ ဝန်းကျင် အမျိုးသား ၁ ယောက်ဆိုတော့ စုစုပေါင်း ၅ ယောက်သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရတဲ့ စစ်ဘေးရှောင်ပြည်သူ​​တွေလည်းများပါတယ်။ ဖုန်းလိုင်းအခက်အခဲတွေကြောင့် နောက်ဆက်တွဲအခြေအနေမသိရသေးပါဘူး။”

သေဆုံးခဲ့သူတွေထဲက ပေါက်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ဒုတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်နေသူ ကိုစည်သူအောင်ဟာ ယခင်က ရဲတပ်ဖွဲ့ဝင်တယောက်ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ရဲတပ်ဖွဲ့ကနေ CDM ပြုလုပ်လာကာ စစ်ကောင်စီတပ်ကို ပြန်လည်တွန်းလှန်တိုက်ခိုက်နေသူဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ကိုစည်သူအောင်ရဲ့ ဇနီး မအေးအေးလင်းလည်း သေ ဆုံးသွားခဲ့ပြီး သူတို့ရဲ့ကလေးငယ်ကတော့ ဒဏ်ရာရရှိခဲ့ပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်းကို စစ်ကောင်စီတပ်က ဖုန်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး ဗုံးကြဲခံရတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေဟာ ထပ်မံထွက်ပြေး နေကြရပါတယ်။

ပေါက်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုစစ်မုန်း က “‌တိုက်ပွဲတွေက ခဏခဏဖြစ်နေတာတွေရှိတယ်။ သူတို့ဘက်က အထိနာတာပေါ့။ အဲ့ဒါကြောင့် လေကြောင်းပစ်ကူခေါ်တာ ဖြစ်နိုင်တယ်။ အခု ဗုံးကြဲခံရတဲ့ ရွာဘက်မှာတော့ ထိတွေ့တိုက်တွေမရှိဘူး။ ဗုံးကြဲသွားတဲ့လေယာဥ်က Y12 လေယာဥ်ပါ။ ဗုံးကြဲခံရတဲ့နေရာတွေက ပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေကို ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ပေးနေကြပါတယ်။ ဒဏ်ရာရသူတွေထဲမှာလည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေ ပါနေတယ်” လို့ပြောပါတယ်။

ပခုက္ကူ တပ်မ ၁၀၁ က စစ်ကား ၆ စီးနဲ့ အင်အား ၂၀၀ နီးပါးပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ လကုန်ပိုင်းကတည်းက ပေါက်မြို့နယ်ထဲရောက်နေတာဖြစ်ပြီး လမ်းတလျှောက်က ကျေးရွာတွေကို ဝင်ရောက်ဖျက်ဆီးနေလို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013