DVB Logo
Home
မြန်မာသတင်း
မင်းလှတိုက်ပွဲတွင် ဖမ်းဆီးသတ်ဖြတ်ခံရသည့် တော်လှန်ရေးရဲဘော် ၄ ဦး အပါအဝင် ၅ ဦးကျဆုံး
DVB
·
June 23, 2025
မင်းလှတိုက်ပွဲတွင် ဖမ်းဆီးသတ်ဖြတ်ခံရသည့် တော်လှန်ရေးရဲဘော် ၄ ဦး အပါအဝင် ၅ ဦးကျဆုံး
1 / 6
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်နေပြီး ဖမ်းဆီးသတ်ဖြတ်ခံရသူ ၄ ယောက် အပါအဝင် တော်လှန်ရေးရဲဘော် ၅ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇွန် ၂၀ ရက် မနက်အစောပိုင်းက  ဆင်အာချောင်းပေါက်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ တည်ရှိရာ တောင်ပြတ်ကျေးရွာကို စစ်ကြောင်းထိုးလာချိန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အများအပြား သေဆုံးခဲ့သလို တော်လှန်‌ရေးရဲဘော် တယောက်လည်း ကျဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် အမှတ် ၃ တပ်ရင်း၊ ၃၈၀၃ မှ စစ်ကြောင်းမှူးက DVB ကို ပြောပါတယ်။

“စစ်သားတွေက အင်အားအများအပြားနဲ့ စစ်ကြောင်း ၃ ကြောင်း ခွဲတက်လာတာ၊ ကျနော်တို့ ထောင်ထားတဲ့ မိုင်းကွင်းထဲရောက်တော့ မိုင်းကွဲသွားတယ်။ အဲဒါ ကျနော်တို့ရဲဘော်တွေ မိုင်းကွဲတဲ့ဘက်ကို သွားစောင့်နေတယ်။ နာရီဝက်လောက်စောင့်ပြီး အဲဒီနေရာမှာ ကင်းချပြီး ရဲဘော်တွေ ပြန်လာတာ။ အဲဒီမှာ စကစ စစ်ကြောင်းတကြောင်းက ရွာနောက်ဘက်ကနေ ပတ်ဝင်လာတာ။ ပြီးတော့ မိုင်းမိသွားတဲ့စစ်ကြောင်းက ရှေ့ဆက်တိုးလာတော့ ကျနော်တို့ ရဲဘော်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာ။ ရွာအနောက်ဘက်က စစ်ကြောင်းဝင်လာတာ ကျနော်တို့ မသိတော့ အဝိုင်းခံရသလို ဖြစ်သွားတာ။ အဲဒါနဲ့ ကျနော်တို့ ကျန်တဲ့တဖွဲ့က ဝင်ပစ်တာ၊ ရန်သူနဲ့က အရမ်းနီးနေတော့ ဟိုဘက်အိမ် ဒီဘက်အိမ်လို ဖြစ်နေတာ။ အဲဒီမှာ ရန်သူက အရင်ရောက်နေတာဆိုတော့ သူတို့ဘက်က စပစ်တာမှာ ရဲဘော်တယောက် တိုက်ပွဲမှာ ကျည်ထိပြီး ကျသွားတယ်။”

ဒါ့အပြင် တိုက်ပွဲအတွင်း ဖမ်းမိခဲ့တဲ့ တော်လှန်ရေးရဲဘော် ၄ ယောက်ကိုလည်း စစ်တပ်က ညှဉ်းပန်းနှိပ်စက် သတ်ပစ်ခဲ့ပြီး ဒီနေ့အထိ အလောင်းတွေ ကောက်ယူလို့ မရသေးကြောင်း  စစ်ကြောင်းမှူးက ဆက်လက်ရှင်းပြပါတယ်။

“တိုက်ပွဲမှာ သူတို့ဘက်က အင်အားသာနေတော့ ကျနော်တို့ဘက်က တဖွဲ့ကတော့ ဖောက်ထွက်ပြီး နောက်ဆုတ်လာနိုင်ခဲ့တယ်။ နောက်တဖွဲ့က ဖောက်ထွက်လာနိုင်တဲ့သူတွေ ရှိတယ်၊ ရဲဘော် ၄ ယောက်ကတော့ ပိတ်မိပြီး အဖမ်းခံလိုက်ရတယ်။ ကျနော်တို့အဖွဲ့တွေ ဝင်ကယ်ဖို့လုပ်တာ စကစ ဘက်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ တောက်လျှောက်ချနေတော့ ဘယ်လိုမှ ဝင်ကယ်လို့မရတဲ့ အခြေအနေ ဖြစ်နေတာ။ အဖမ်းခံလိုက်ရတဲ့ ရဲဘော်‌တွေ အခြေအနေသိရအောင် ဒရုန်းနဲ့ ပထမတခေါက်ကြည့်တော့ ရဲဘော်တွေကို ဒူးထောက်ခိုင်းပြီး သူတို့ နှိပ်စက်နေတာတွေ့ရတယ်။ အဲဒါနဲ့ ကျနော်တို့ ထပ်ဝင်ကယ်ဖို့ ကြိုးစားတာလည်း ဘယ်လိုမှ ဝင်မရဘူး ဖြစ်နေတယ်။ ခဏလည်းကြာရော ဒရုန်းနဲ့ ထပ်ကြည့်တော့ ရဲဘော်တွေကိုသတ်ပြီး တာလပတ်နဲ့ အုပ်ခဲ့တာ တွေ့တယ်။”

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က တိုက်ပွဲအနီးရှိ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး တောင်ပြတ်ရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့‌တယ်လို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။

“တောထဲမှာ အကုန်လုံး တဲတွေထိုးပြီး နေကြရတယ်။ စားစရာသောက်စရာကတော့ အိမ်ကနေ သယ်လာရတာ၊ ကုန်သွားရင် ရွာကို ဆိုင်ကယ်နဲ့ပြန်ယူကြတယ်။ လက်နက်ကြီးတွေက တောက်လျှောက်ပစ်နေတာ၊ ဘာတွေထိခိုက်ပျက်စီးသွားလဲဆိုတာ ရွာတွေပြန်မကြည့်ရဲကြတော့ သတင်းတွေ ပြတ်နေကြတယ်။ တောင်ပြတ်ရွာမီးရှို့တာတော့ အိမ်ကြီးအိမ်ကောင်းတွေ ၅၀ လောက် ပါသွားတယ်။”

တိုက်ပွဲအတွင်း ၃၈၀၃ တပ်ရင်းက ရဲဘော် ၄ ယောက်နဲ့ တပ်ရင်း ၃၇၀၁ တပ်ခွဲ ၅ က ရဲဘော်တယောက်တို့ ကျဆုံးခဲ့တာလို့ သိရပါတယ်။

မင်းလှမြို့နယ်မှာ လက်ရှိ စစ်ရေးတင်းမာနေကာ စစ်ကောင်စီတပ်က ကျေးရွာတွေမှာ ဝင်ရောက်တပ်စွဲနေပြီး ပြည်သူတွေကို အပြင်ထွက်ခွင့်မပေးဘဲ လူသားဒိုင်းအဖြစ် ထားရှိတယ်လို့ သိရပါတယ်။

ဇွန် ၁၆ ရက်ကလည်း မင်းလှမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က အရာရှိ ၃ ယောက် အပါအဝင် ၂၀ ကျော် သေဆုံးပြီးနောက် စစ်တပ်က ပြည်သူတွေရှိတဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က ဇွန် ၂၃ ရက် ဒီနေ့လည်း မင်းလှမြို့ ရန်ကုန်-ပြည် ကားလမ်းအရှေ့ဘက်က တင်အိုင်ချောင်းပေါက်၊ ဗိုလ်တစ်ထောင်၊ ဂန့်ဂေါ်ပင်၊ ဆားချောင်း စတဲ့ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013