DVB Logo
Home
ဆောင်းပါး
အမှောင်ထဲက အသံများ သို့မဟုတ် ဥပဒေမဲ့ ဘဝထဲက အမျိုးသမီးများ 
DVB
·
June 23, 2025
အမှောင်ထဲက အသံများ သို့မဟုတ် ဥပဒေမဲ့ ဘဝထဲက အမျိုးသမီးများ 
Donate to DVB

စစ်‌ကောင်စီတပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်နှောင်းပိုင်း  မြန်မာနိုင်ငံအတွင်း တရားဥပဒေ စိုးမိုးမှုမရှိသည့်အခါ သူခိုး၊ ဓားပြ ထကြွသည့်အပြင် မိန်းကလေးများအတွက် အသက်ရွယ်မ‌ရွေး လိင်မှု ကျူးလွန်ခံနေရသည်။ 

ကျူးလွန်သည့် တရားခံကိုလည်း ထိရောက်စွာ အရေးယူနိုင်သည့် ဥပဒေစိုးမိုးမှုမရှိသည့်အပြင် ကျူးလွန်ခံရသူများကိုလည်း တရားဥပဒေအရ ကာကွယ်စောင့်ရှောက်နိုင်မှု၊ ပံ့ပိုးကူညီမှုများ မလုပ်ဆောင်နိုင်သေးပေ။ 

၂၀၂၁ နှောင်းပိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးသည့် အညာဒေသက ကျေးရွာများတွင် စစ်ကြောင်းထွက်သွားပြီးနောက် မုဒိမ်းပြုကျင့်ခံရပြီး သတ်ခံထားရသည့် အမျိုးသမီး အလောင်းများကို မကြာခဏ တွေ့ရှိခဲ့ရသည်။ ထို့အပြင် လွတ်မြောက်နယ်မြေ နေရာအချို့တွင်လည်း အမျိုးသမီးများ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရမှုများ ရှိလာသည်။ ယခုနောက်ပိုင်းတွင် မြို့သိမ်းတိုက်ပွဲများ ဖြစ်ပြီး မြို့အချို့တွင်လည်း အမျိုးသမီးများ မုဒိမ်းပြုကျင့်ခံရမှုများ ဖြစ်ပေါ်လာသည်။ သို့သော် ကျူးလွန်ခံရသူများအနေဖြင့် တရားဥပဒေစိုးမိုး‌ရေးအတွက် တောင်းဆိုကြသော်လည်း ကျူးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ခြင်း မရှိသေးပေ။

၂၀၂၄ ခုတွင် အမျိုးသမီး ၁၂ ဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း မြန်မာအမျိုးသမီးသမဂ္ဂရဲ့ မှတ်တမ်းတင်ထားချက်အရ သိရသည်။ ထို့အပြင် ၂၀၂၅ မေလက ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် အသက် ၉ နှစ်အရွယ် အမျိုးသမီးငယ်တဦး မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရသည်။ ထို့ပြင် မန္တလေးတိုင်း၊ မိုးကုတ်မြို့မှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတဦးလည်း မုဒိမ်းကျင့်ခံခဲ့ရသည်။ ဇွန်လတွင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တဦးလည်း မုဒိမ်းကျင့် သတ်ခံခဲ့ရသေးသည်။ 

မိုးကုတ်မြို့၊ အ‌‌ရှေ့ပိုင်းရှိ စစ်တန်းရပ်ကွက်တခုတွင် အသက် ၁၇ နှစ်အရွယ်မိန်းကလေးကို အ‌ဒေါ်၏ ယောကျ်ားဖြစ်သူက မုဒိမ်းမှု ကျူးလွန်ခဲ့သည်။ မိန်းက‌လေးငယ်ကို တရားခံဖြစ်သူမှ ကျူးလွန်ရန် ကြိုးစားနေစဥ် အမျိုးသမီးငယ်က ငြင်းဆန်မှုကြောင့် ခေါင်းအုံးဖြင့် အချိန်ကြာ ဖိထားခဲ့သည်။ ဖိထားခံရသည့် ဒဏ်ကြောင့် အဆိုပါ အမျိုးသမီးငယ် သတိလစ်သွားခဲ့သော်လည်း လွတ်မြောက်ခဲ့ခြင်း မရှိပါ။ ထို့အပြင် အဆိုပါကိစ္စကို တိုင်တန်းပါက သတ်ပစ်မည်ဟုပါ ခြိမ်းခြောက်သွားခဲ့သည်။ 

ကျူးလွန်ခံရသည့် အမျိုးသမီး၏ မိခင်မှာ ဆေးမှုဖြင့် ထောင်ကျနေသူ ဖြစ်သည်။ အနီးအနားတွင် စိတ်ပိုင်းဆိုင်ရာ ကူညီ‌ပေးမည့်သူ မရှိ။ ကိစ္စများဖြစ်ပြီးနောက် ဆွေမျိုးများက ရပ်ကွက်အုပ်ချုပ်‌ရေးမှူးထံ တိုင်ကြားပြီးနောက် ရဲစခန်းတွင် သွားရောက်တိုင်ကြားခဲ့သော်လည်း ကျူးလွန်သူကို လာရောက်စစ်ဆေးဖမ်းဆီးခဲ့ခြင်း မရှိပါ။ 

သို့သော် အမျိုးသမီးရဲမေအချို့သာ လာပြီး ကျူးလွန်မှုဖြစ်ခဲ့သည့် အိပ်ရာနှင့် နေရာအချို့ကိုသာ စစ်‌ဆေး၍ ပြန်သွားကြသည်။ ကျူးလွန်ခံရသူ မိန်းကလေးငယ်ကို ဆေးစစ်ချက်ယူရန် ဆေးရုံတွင်လည်း လိုအပ်သည့် ဆေးစစ်ချက်များ ယူထားပြီးဖြစ်သော်လည်း “တရားခံကို မိမှသာ အမှုဖွင့်နိုင်မည်” ဆိုသည့် ရဲစခန်းမှ အကြောင်းပြန်ခဲ့သည်။ သို့သော် တရားခံကိုမူ လာရောက်ရှာဖွေ ဖမ်းဆီးမှု မရှိခဲ့ပေ။ ထို့ကြောင့် ကျူးလွန်သူသည် လွယ်ကူစွာ လိုအပ်သည့် အ‌ထောက်ထား၊ မှတ်ပုံတင်နှင့် စာရွက်စာတမ်းများယူ၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ ကျူးလွန်သည့် တရားခံကို ထိရောက်စွာ အရေးယူနိုင်ခြင်း မရှိခဲ့ကြောင်း ရပ်ကွက်နေ အမျိုးသမီးများမှ မှတ်ချက်ပြုကြသည်။ 

မြန်မာ့လူ့အသိုက်အဝန်းတွင် လိင်မှုကိစ္စဟု ဆိုလိုက်သည်နှင့် မိသားစု၊ ဆွေမျိုး ပတ်ဝန်းကျင်တွင် ရှက်စရာကိစ္စတခုဟု မှတ်ယူထားသည်။ 

ထို့အပြင် လိင်မှုကိစ္စနှင့်ပတ်သက်ပြီး ယောကျ်ားလေး၊ မိန်းကလေးတိုင်း သိသင့်သည့် ပညာပေးဗဟုသုတများကိုလည်း နားရှက်စရာ ကိစ္စရပ်အဖြစ် ချောင်ထိုးထားကြသည်။ ထို့ထက်ဆိုးသည်မှာ လိင်မှုကိစ္စ ကျူးလွန်ခံရသည့် မိန်းကလေးကို ရွံစရာ၊ ရှက်ဖွယ်ရာအဖြစ် နှာခေါင်းရှုံ့တတ်ကြသည်။ အားငယ်သူကို အား‌ပေးပါ ဆိုသည့် စကားစုတခုသာရှိသော်လည်း ထိခိုက်နစ်နာသွားသူများအနေဖြင့် နှာခေါင်းရှုံ့တတ်သည့် ပတ်ဝန်းကျင်ကြောင့် မိအေး နှစ်ခါနာအဖြစ်သို့ ရောက်ရသည်။ 

မိန်းကလေးငယ်များ ၁၀ နှစ်အောက်၊ ဆယ်ကျော်သက်၊ အမျိုးသမီးကဲ့သို့ အရွယ်ရောက်သည့်တိုင်အောင် လိင်မှုဗဟုသုတမကြွယ်ဝသည့် ပတ်ဝန်းကျင်အောက်တွင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အစဥ်ဆက် ကျူးလွန်ခံခဲ့ရသည်။ သားသမီး ရှိသည့် မိဘများအနေဖြင့် လိင်မှုကိစ္စကို သွန်သင်ပေးရန် ဝန်လေးသည့်အပြင် အရွယ်ရောက်လာရင် အလိုလိုသိလာလိမ့်မည်ဆိုသည့် အတွေးနဲ့တင် အဆုံးသတ်လိုက်ကြသည်။ Sex Education ခေါ် လိင်မှုအသိပညာကို အခြေခံကျောင်းများတွင်လည်း ဘဝတွက်တာ ကျွမ်းကျင်စရာ အချိန်တွင်သာ အနည်းငယ် ရှင်းပြတတ်တာကြောင့် ကျောင်းနေအရွယ်များအနေဖြင့် ကြိုတင်ပြင်ဆင်နည်းနှင့် ခုခံကာကွယ်နည်းများကို မသိရှိရပေ။

ထို့ကြောင့် တရားဥပဒေစိုးမိုးမှု ဆုံးရှုံးနေသည့် အခြေနေတွင် မိန်းကလေးများသာမက ယောကျ်ားလေးများပါ လိင်မှုပညာပေးနှင့်ပတ်သက်ပြီး လိုအပ်သည့် ဗဟုသုတ ပညာများ ကိုယ်ပိုင်ရှိထားရန် လိုအပ်လာသည်။  ထိုလိုအပ်ချက်များကို မည်သူများက ဖြည့်ဆည်းပေးနိုင်ပါမည်နည်း။ မိသားစုအတွင်း၊ စာသင်ကျောင်းအတွင်း၊ မိတ်ဆွေချင်း၊ တတ်နိုင်သည့်ဘက်မှ မျှဝေ ဖြည့်ဆည်းသွားရမည့်အခြေအနေဖြစ်ပါသည်။ 

တရားဥပဒေစိုးမိုးမှုမရှိချိန်တွင် တဦး တယောက်ချင်းစီအနေဖြင့် ထိရောက်စွာ အရေးယူမှု မပြုနိုင်သော်လည်း ဆက်လက်ဖြစ်ပွားလာနိုင်သည့် အခြေနေများအတွက် လိုအပ်သည့် ပညာပေး‌ရေး၊ ကူညီဆောင်ရွက်‌‌‌ရေး၊ စိတ်ပိုင်းဆိုင်ရာ ကူညီပေးမှုတို့ဖြင့်သာ ကာကွယ်နိုင်ပါတော့မည်။ 

Sex Education ခေါ် လိင်မှုအသိပညာသည် ရှက်စရာတခုတည်း မဟုတ်ဘဲ ကာကွယ်သင့်သည်ကို ကာကွယ်ရန်၊ ခုခံကာကွယ်ရန်နှင့် ကြုံတွေ့လာသည့်အခါ အောင်မြင်စွာ ကျော်ဖြတ်နိုင်ရန် ဖြစ်သည်။ 

ယခုကဲ့သို့ အဘက်ဘက်မှ အကျပ်တည်းနှင့်ရင်ဆိုင်နေရသည့် ပဋိပက္ခကာလအတွင်း မည်သည့်အဖွဲ့စည်း၊ မည်သည့် လူပုဂ္ဂိုလ်တဦးချင်းစီမဆို အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများ ကျူးလွန်မှုကို မည်သူမျှ လျစ်လျူမရှုထားသင့်ဘဲ စုပေါင်းတွန်းလှန်ကြရပါမည်။ ကျနော်တို့အနေဖြင့် ထိရောက်သည့် အ‌ရေးယူမှုများ မလုပ်ဆောင်နိုင်ချိန်တွင် အသိပညာပေးရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေး ဗဟုသုတများကို အားထားရတော့မည် ဖြစ်ပါသည်။

လိပ်ပြာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013