
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်အစပ်၊ ရက်ကန်းစင်တောင်ပေါ်မှာရှိတဲ့ ဆေးရုံကို စစ်ကောင်စီတပ်က ဇွန် ၂၂ ရက်ည ၁၁ နာရီကျော်လောက်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “၁၁ နာရီ ၅ မိနစ်မှာ ဗုံးသီးတလုံး၊ ၁၁ နာရီ ၁၀ မိနစ်မှာတလုံး စုစုပေါင်း ၂ လုံး ချသွားတာဗျ။ ချသွားတဲ့အဆောင်က အမျိုးသမီးကုသတည်းခိုဆောင်ကို ချသွားတာ။ ထိခိုက်ဒဏ်ရာ တော်တော်လေးကို ရတယ်။ ကျား၊ မကိုတော့ အတိအကျမသိရသေးဘူး။ အယောက် အရေအတွက်လည်း အတိအကျ မသိရသေးဘူး။ အယောက် ၂၀ ထက်မနည်း သေဆုံးထိခိုက်တယ်လို့ပဲ သိထားရပါသေးတယ်။ ဗုံးချသွားတဲ့နေရာက တနေရာနဲ့ တနေရာက ဆယ်တောင်ကွာလောက်ပဲ ဝေးတယ်” လို့ ပြောပါတယ်။
စစ်တပ် လေယာဉ်နဲ့ ဗုံးကြဲချသွားပြီးနောက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က လုံခြုံရေးအရ ဆေးရုံအတွင်း အရပ်သား အဝင် အထွက်ကို ကန့်သတ်ထားတယ်လို့ သိရပါတယ်။
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တာဝန်ရှိသူတယောက်က “ယက္ကန်းစင် ဆေးရုံက မီးဖွားဆောင်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတာပါ။ အမျိုးသမီးနဲ့ မွေးကင်းစ ကလေးငယ်တွေ ထိခိုက်တယ်၊ သေဆုံးတယ်လို့ပဲ လောလောဆယ် ပြောလို့ရဦးမယ်ဗျ။ စစ်တပ်ရဲ့ နောက်ထပ် လေယာဉ်နဲ့လာပစ်မှာ စိုးရိမ်လို့ အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ လုပ်နေရလို့ပါ” လို့ ပြောပါတယ်။
စစ်ကောင်စီက ရက်ကန်းစင်တောင် ဆေးရုံကို ဂျက်ဖိုက်တာအမျိုးအစားနဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် မီးလာဖွားတဲ့ အသက် ၃၀ အရွယ် အမျိုးသမီးတယောက် သေဆုံးပြီး အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပြည်သူ ၁၁ ယောက် မစိုးရိမ်ရ ဒဏ်ရာတွေရရှိခဲ့ပြီး ဆေးရုံ သားဖွားမီးယပ်အဆောင် အပါအဝင် အဆောက်အုံ ၃လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် စစ်ကောင်စီတပ်နဲ့ ဝေးရာမှာ ပြည်သူတွေ နေထိုင်ကြဖို့၊ လေကြောင်းရန် ကာကွယ်နိုင်ဖို့အတွက် ဗုံးခိုကျင်းတွေ တူးထားကြဖို့ ထုတ်ပြန်ထားပါတယ်။