
အီတလီထပ်သီးကလပ်အသင်း ၂ သင်းဖြစ်တဲ့ ဂျူဗင်တပ်နဲ့ နာပိုလီအသင်းတို့ဟာ ချဲလ်ဆီးတိုက်စစ်မှူး နီကိုလပ်ဂျက်ဆင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။
အစ်ဆွစ်တိုက်စစ်မှူး လီယန်ဒလတ်ဖ်ကို ခေါ်ယူခဲ့ပြီးနောက်မှာ နီကိုလပ်ဂျက်ဆင်အနေနဲ့ ပွဲထွက်ခွင့်အတွက် ပြိုင်ဆိုင်မှုရှိလာမှာဖြစ်ပြီး အီတလီထိပ်တန်း ၂ သင်းက သူ့ကိုခေါ်ယူဖို့ အပြိုင် ကြိုးပမ်းလာခဲ့ကြတာပါ။
အသက် ၂၄ နှစ်ရှိ ဆီနီဂေါ တိုက်စစ်မှူးဟာ ချဲလ်ဆီးနဲ့ပွဲ ၈၀ မှာ သွင်းဂိုး ၃၀ ရရှိထားပေမဲ့ သူ့ရဲ့ အဆုံးသတ်စွမ်းဆောင်ရည်အပေါ် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
စကိုင်းအီတလီယာသတင်းမှာ ဖော်ပြချက်အရ ဂျူဗင်တပ်အသင်းဟာ ဂျက်ဆင်ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး နာပိုလီအသင်းကတော့ လီဗာပူးတိုက်စစ်မှူး ဒါဝင်နူညက်ဇ်နဲ့ အဆင်မပြေခဲ့ဘူးဆိုရင် ဂျက်ဆင်ကို ဒုတိယဦးစားပေးအဖြစ် ခေါ်ယူဖို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။