DVB Logo
Home
မြန်မာသတင်း
စဉ့်ကူးမြို့နယ်ကို စစ်တပ်က ဗုံးကြဲသဖြင့် ပြည်သူ ၁ ဦးဒဏ်ရာရ၊ အဆောက်အဦတချို့ ပျက်စီး
DVB
·
June 22, 2025
စဉ့်ကူးမြို့နယ်ကို စစ်တပ်က ဗုံးကြဲသဖြင့် ပြည်သူ ၁ ဦးဒဏ်ရာရ၊ အဆောက်အဦတချို့ ပျက်စီး
Donate to DVB

ငလျင်ဒဏ်ခံခဲ့ရတဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲကို ဇွန် ၂၀ ရက်နေ့ ညနေ ၅ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူတယောက် ထိခိုက်ဒဏ်ရာရပြီး အဆောက်အအုံတချို့လည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး (စဉ့်ကူး) ရဲ့ တာဝန်ရှိသူတတယောက်က “စဉ့်ကူးမြို့နယ်ထဲက လက်ပန်လှရွာ၊ သစ်တောရုံးဝင်းထဲကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတာပါ။ အဆောက်အအုံတချို့ ပျက်စီးခဲ့ပါတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိပါတယ်” လို့ ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဒေသခံပြည်သူ ၁ ယောက် ခြေထောက် ဗုံးစထိမှန်လို့ မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့ပြီး သစ်တောရုံးဝင်းထဲက အဆောက်အအုံ ၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။

စဉ့်ကူးမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုသံမဏိ က “ကျနော်တို့ စဉ့်ကူးမြို့နယ်ထဲကိုက လေကြောင်းတိုက်ခိုက်ခံရတာ တိုက်ပွဲရှိရှိ၊ မရှိရှိ ဆက်တိုက်ဆိုသလိုပါပဲ။ အဲဒါကြောင့်လည်း ပြည်သူ သေဆုံးမှုနဲ့ ဒဏ်ရာရတဲ့အရေအတွက်က မြင့်တက်နေတာပါ။ ​စစ်ရေးအခြေအနေအရ ပြောရရင် စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်တွေထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ နေရာတွေ ရှိသလို သူတို့ဘက်က စစ်ကြောင်းထိုးလို့ စစ်ရေးအခြေအနေ တင်းမာနေတဲ့ နေရာတွေလည်း ရှိနေတယ်” လို့ DVB ကို ပြောပါတယ်။

လက်ပန်လှကျေးရွာဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY PDF) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နှစ်အလယ်ပိုင်းမှာ သိမ်းပိုက်ရရှိထားပြီးနောက်ပိုင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်နေလို့ ပြည်သူတွေ လူစုလူဝေး မလုပ်ကြဖို့နဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အကြိမ်ကြိမ်သတိပေးထုတ်ပြန်နေတာလို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လက်ပန်လှကျေးရွာကို မတ် ၄၊ ၁၄၊ ၁၇ နဲ့ ၃၁ ရက်နေ့တွေမှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၄၀ ဝန်းကျင်သေဆုံးခဲ့ရသလို စာသင်ကျောင်း၊ စျေးဆိုင်ခန်းတွေနဲ့ လူနေအိမ်အများအပြားလည်း ထိခိုက်မီးလောင်ပျက်စီးခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013