Home
နိုင်ငံတကာ
အီရန်၏  မြေအောက်ဘန်ကာခွဲ ဗုံးများကို လွှတ်ချမည့် အမေရိကန် B-2 စစ်လေယာဉ်  
DVB
·
June 21, 2025
Photo :Reuters

အစ္စရေးနိုင်ငံဟာ အီရန်နိုင်ငံကို တိုက်ခိုက်ခဲ့ပြီးနောက်မှာ အမေရိကန်က အစ္စရေးဘက်မှ ပါဝင်ခြင်း ရှိ၊ မရှိကို လာမယ့် ၂ ပတ်အတွင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ် က ဆုံးဖြတ်ချက်ချမယ်လို့ အိမ်ဖြူတော်က ဇွန် ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

စစ်ပွဲမှာ အမေရိကန် ပါဝင်ပတ်သက်မှုဟာ မြေအောက်နက်နက်မှာ နှစ်မြုပ် ဆောက်လုပ်ထားတဲ့ အီရန်နျူကလီးယားစက်ရုံတွေကို ထိုးဖောက်ဖို့  အစ္စရေးရဲ့ လက်နက်တိုက်အတွင်း လောလောဆယ်မရှိသေးတဲ့ ဘန်ကာခွဲ ဗုံးတွေကို အသုံးပြုမှာကို တွေ့မြင်ရနိုင်ပါတယ်။ 

ပေါင် ၃၀၀၀၀ အလေးချိန်ရှိ မြေအောက်ထိုးဖောက်ဗုံးဟာ ခိုင်မာတဲ့ မြေအောက်ဘန်ကာတွေကို ချေမှုန်းဖို့ အထူးတီထွင်ထားတဲ့ အမေရိကန်လက်နက်တိုက်ရှိ အကြီးဆုံး သမားရိုးကျဗုံး ဖြစ်ပါတယ်။ 

သူ့ရဲ့ကြီးမားတဲ့ အရွယ်အစားကြောင့် မစ်ရှင်တခုကို အမေရိကန်လေတပ်ရဲ့ B-2 Spirit ကိုယ်ပျောက်ဗုံးကြဲလေယာဉ်နဲ့ အဲဒီဗုံးကြီး ၁ ခု၊ ၂ ခု လောက်ကိုသာ သယ်ယူရာမှာ အသုံးပြုဖို့ လိုအပ်ပါတယ်။ 

အမေရိကန်စစ်တပ်ကတော့ အီရန်အပေါ် ထရမ့်ပ် ချမှတ်နိုင်တဲ့ ဘယ်လိုဆုံးဖြတ်ချက်ကိုမဆို လုပ်ဆောင်ဖို့ အသင့်ရှိကြောင်း ကာကွယ်ရေးဝန်ကြီး ပိ(ထ်) ဟဂ်ဆက်သ် က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။ 

အီရန် မြေအောက်နျူကလီးယားဓာတ်အားမြှင့်စက်ရုံ Fordow ကို သမားရိုးကျ ဗုံးတွေသုံးပြီး ဖျက်ဆီးဖို့က လုံးဝ မလုံလောက်ကြောင်း အမေရိကန် ကာကွယ်ရေးအရာရှိတွေက အကျဉ်းချုံး ပြောကြားခဲ့တယ်လို့ The Guardian သတင်းစာက ကြာသပတေးနေ့မှာ ဖော်ပြခဲ့ပါတယ်။

Fordow စက်ရုံကို ဖျက်ဆီးဖို့ သမားရိုးကျ ဗုံးတွေနဲ့ ကနဦး တိုက်ခိုက်မှုတွေလုပ်ဖို့ လိုအပ်ပြီး အဲဒီနောက်မှာ B-2 ဗုံးကြဲလေယာဉ်မှ နည်းဗျူဟာမြောက် နျူလက်နက်ကို ကြဲချဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။ 

ဒါပေမဲ့ ဗြိတိန်သတင်းစာက ထရမ့်ပ် ဟာ Fordow စက်ရုံအတွက် နည်းဗျူဟာမြောက် နျူကလီးယားလက်နက်ကို အသုံးပြုဖို့ မစဉ်းစားထားဘူးလို့ ဖော်ပြထားပြီး ဖြစ်နိုင်ခြေကိုလည်း အိမ်ဖြူတော် အရေးပေါ်လုံခြုံရေးဆိုင်ရာ အစည်းအဝေးခန်းမအတွင်းမှာ ကာကွယ်ရေးဝန်ကြီး ပိ(ထ်) ဟဂ်ဆက်သ် နဲ့ ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဒန်ကိန်းန် တို့က တင်ပြထားခြင်း မရှိဘူးလို့လည်း ဆိုထားပါတယ်။ 

Source:Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024