
ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ အာနိုး ဒီဘက်ခ်တို့ ဩဂုတ် ၃ ရက်က တွေ့ဆုံခဲ့ကြောင်း စစ်အာဏာရှင်က သတင်းထုတ်ပြန်ခဲ့တာပါ။
ဒီသတင်းကို ICRC က ဟုတ်မှန်ကြောင်း အတည်ပြုပေးခဲ့ပေမဲ့ အဖွဲ့အစည်းရဲ့ မူဝါဒအရ အသေးစိတ် အခြေအနေကိုတော့ သတင်းမထုတ်ပြန်ခဲ့ပါဘူး။
သတင်းထွက်ပေါ်ခဲ့တဲ့ ဩဂုတ် ၃ ရက်နေ့မှာပဲ အမေရိကန် အထက်လွှတ်တော်(ဆီးနိတ်) နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌ Sen. Jim Risch က သတင်းကို ကြိုဆိုပေမဲ့ လုံလောက်မှုမရှိသေးဘူးလို့ သူ့ရဲ့ X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
အဲဒါအပြင် အသွင်ပြောင်းဖို့ ကြိုးစားနေတဲ့ စစ်အာဏာရှင်တွေကို အရပ်သားအစိုးရအဖြစ် အသိအမှတ်မပြုဘဲ စစ်အစိုးရအဖြစ်သာ သုံးနှုန်းရေးသားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ဆက်သွယ်ခွင့်ပေးဖို့၊ ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ စတဲ့အချက်တွေကိုလည်း Sen. Jim Risch က စစ်အာဏာရှင်အစိုးရကို တိုက်တွန်းခဲ့ပါတယ်။
Burma Research Institute တည်ထောင်သူ ဇိုသုန်းမှုန်က “Sen. Jim Risch ဟာ အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌပါ။ သူက နိုင်ငံခြားရေးမူဝါဒမှာ ဩဇာကြီးမားသူပါ။ ဥက္ကဋ္ဌ Risch က အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို မြန်မာနိုင်ငံရဲ့ သမ္မတအဖြစ် အသိအမှတ်မပြုဘူး။ ဒါဟာ မင်းအောင်လှိုင်အတွက် ကြီးမားတဲ့ မကောင်းတဲ့ သတင်းပါပဲ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ခရစ်ယာန်သင်းအုပ်ဆရာတွေ အပါအဝင် အကျဉ်းသားအားလုံးကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ စစ်အစိုးရအပေါ် သမ္မတထရမ့်ပ်ကနေ ပိုပြီးတော့ ဖိအားပေးသင့်တယ်။ ဥက္ကဋ္ဌ Risch ရဲ့ ဦးဆောင်မှုအတွက် ကျနော်တို့ အများကြီး ကျေးဇူးတင်ပါတယ်။ ဥက္ကဋ္ဌဟာ မြန်မာနိုင်ငံအတွက် သူ့ရဲ့ကြိုးပမ်းမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။
စစ်အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက အမေရိကန် ကွန်ဂရက်အမတ်တွေနဲ့ ကော်မတီအသီးသီးက စစ်အာဏာရှင်ကို အစိုးရတရပ်အဖြစ် အသိအမှတ်မပြုဘဲ ဒီမိုကရေစီ အင်အားစုတွေဘက်က ရပ်တည်ခဲ့တာပါ။
စစ်အာဏာရှင်က အမေရိကန်ပြည်ထောင်စုရဲ့ အသိအမှတ်ပြုမှုကို ရဖို့ ဒေါ်လာသန်းချီ အသုံးပြုပြီး လော်ဘီကုမ္ပဏီတွေ ငှားရမ်းထားပေမဲ့ အရေးပါတဲ့ အချိန်တွေမှာ တော်လှန်ရေး အင်အားစုတွေဘက်က အသာစီးယူထားမြဲ အခြေအနေမှာ ဆက်ရှိနေတာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ဟာ အနောက်အင်အားကြီး နိုင်ငံတွေအတွက် ဒီမိုကရေစီပြယုဂ်တခုအဖြစ် ရှိနေဆဲဖြစ်ပြီး အရှေ့အာရှနဲ့ အရှေ့တောင်အာရှ ပထဝီ နိုင်ငံရေးချိန်ခွင်မှာ အရေးပါနေဆဲ ဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
စစ်အာဏာရှင်က သူတို့ကို အသိအမှတ်ပြုခံရရေး ကြိုးပမ်းမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ကို ထုတ်သုံးလာတာဖြစ်ပြီး စစ်အာဏာရှင်နဲ့ တော်လှန်ရေးအင်အားစုတွေ နှစ်ဖက်စလုံး အပေါ်မှာ သံတမန်ရေးနဲ့ ပြည်တွင်းနိုင်ငံရေး အကောင်း၊ အဆိုး အကျိုးသက်ရောက်တာတွေ တပြိုင်တည်း ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
တော်လှန်ရေးဦးဆောင်အဖွဲ့တွေနဲ့ တိုင်းရင်းသားအင်အားစုတွေဟာ နိုင်ငံတကာနဲ့ သံတမန်ဆက်ဆံရေးမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမယ်ဆိုရင် ဖြစ်ပေါ်လာနိုင်စရာရှိတဲ့ သဘောဆန္ဒတွေကိုပါ ထည့်သွင်းတွက်ဆကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီအရေး မဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “ဒေါ်အောင်ဆန်းစုကြည်ဟာ Democratic Legitimacy လို့ခေါ်တဲ့ ဒီမိုကရေစီ တရားဝင်မှုကို အဓိကကိုင်ဆောင်တဲ့ ပြယုဂ်ဖြစ်တယ်။ လူ့အခွင့်အရေးတွေ ကျင့်ဝတ်ဆိုင်ရာတွေကို အထူးအလေးပေးတဲ့ နိုင်ငံခြားရေး မူဝါဒတွေနဲ့ တဖက်က လက်တွေ့ကျတဲ့ အပေးအယူဆန်တဲ့ ပထဝီနိုင်ငံရေး အကျိုးစီးပွားတွေ၊ ဒီ ၂ ခုကို ဟန်ချက်ညီညီ ဖြစ်သွားစေဖို့အတွက် စပြီးတော့ တွန်းအားပေးတဲ့ သင်္ကေတတွေ ဆိုရင်လည်း မမှားဘူး။ စစ်ကောင်စီနဲ့ ပတ်သက်ပြီးတော့ သူတို့က စစ်အစိုးရဆိုတာကို သုံးတယ်၊ တရားဝင်အစိုးရတရပ် အနေနဲ့ သုံးနှုန်းထားတာမျိုးတွေ မရှိဘူး။ အာဏာကို မတရားလုယူထားတဲ့ ပုဂ္ဂိုလ်တွေအဖြစ်နဲ့ပဲ သုံးနှုန်းထားတာကို ကျမတို့တွေက တွေ့ကြရမှာဖြစ်တယ်။ SCEF အနေနဲ့ သူတို့တည်ဆောက်ထားတဲ့ စုပေါင်းခေါင်းဆောင်မှုပုံစံကို မပျက်စီးစေဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူလူထုအပေါ်မှာ ဩဇာလွှမ်းမိုးမှုတွေကို ဘယ်လိုမျိုး အကောင်းဆုံး လက်တွဲပူးပေါင်းပြီးတော့မှ လုပ်ဆောင်မယ် ဆိုတာက အင်မတန်မှ ကြီးမားတဲ့စိန်ခေါ်မှု ဖြစ်တယ်။ စည်းလုံးရေးတွေ မပြိုကွဲဘဲနဲ့ ရပ်တည်ခိုင်မာသွားဖို့က အရေးအကြီးဆုံးအချက် ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင်က ICRC နဲ့ တွေ့ဆုံခွင့်ပေးခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်က အစဉ်တစိုက် တောင်းဆိုနေတဲ့ Proof Of Life အသက်ထင်ရှား ရှိနေသေးကြောင်း သက်သေပြဖို့ တိုက်တွန်းချက် ကမ်ပိန်းတွေကြောင့် ကြုံနေရတဲ့ ဖိအားတွေကို စစ်အာဏာရှင်က လျှော့ချဖို့နဲ့ နိုင်ငံတကာ၊ အာဆီယံ၊ ကုလစင်မြင့်မှာ အသိအမှတ်ပြု ဆက်ဆံခံရရေးတို့အတွက် မဖြစ်မနေ လိုအပ်ချက် ရှိလာတာတွေကြောင့် ဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
စစ်အာဏာရှင်က ဒီလိုမျှော်မှန်းချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ကို ထုတ်သုံးလာတာ ဖြစ်ပေမဲ့ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ အနောက်အင်အားကြီးနိုင်ငံတွေက ကျေနပ်မှုမရှိဘဲ ခြွင်းချက်မရှိ လွှတ်ပေးဖို့ကိုပဲ တိုက်တွန်းနေတာဖြစ်ပါတယ်။










