DVB Logo
Home
နိုင်ငံတကာ
ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် EU တာဝန်ရှိသူများ အီရန်နှင့် ညှိနှိုင်း
DVB
·
June 20, 2025
ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် EU တာဝန်ရှိသူများ အီရန်နှင့် ညှိနှိုင်း
Donate to DVB

အစ္စရေး-အီရန် ပဋိပက္ခ အဆုံးသတ်နိုင်ရေးအတွက် ဇွန် ၂၀ ရက်နေ့မှာ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲတွေဟာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ အီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ဒါဟာ အစ္စရေးက အီရန်ကို စတင်တိုက်ခိုက်ပြီး တပတ်အကြာမှာ အီရန်နဲ့ အနောက်နိုင်ငံ တာဝန်ရှိသူတွေ ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်ပြီးတော့ အီရန်အရေး ညှိနှိုင်းပြေလည်စေဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။

အီရန်-အစ္စရေး ပဋိပက္ခမှာ အမေရိကန်က တိုက်ရိုက်ပါဝင်မလားဆိုတဲ့ အချက်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က နှစ်ပတ်အတွင်း ဆုံးဖြတ်မှာဖြစ်ပြီး “တွေ့ဆုံဆွေးနွေးဖို့ များပြားတဲ့ အခွင့်အလမ်းတွေ ရှိနေတယ်လို့ ယုံကြည်ထားတယ်” လို့ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့အပြီးမှာ အခု တွေ့ဆုံဆွေးနွေးမှု စတင်လာတာ ဖြစ်ပါတယ်။

အိမ်ဖြူတော်က အခုလို မထုတ်ပြန်မီမှာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အီရန်ခေါင်းဆောင်မှု ပြိုလဲရေးဟာ အစ္စရေးတိုက်ခိုက်မှုရဲ့ ရည်ရွယ်ချက်မဟုတ်ဘဲ ရလဒ်ပဲ ဖြစ်နိုင်တယ်လို့ ပြောထားပါတယ်။

အစ္စရေးဟာ အမေရိကန် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အီရန် နျူစက်ရုံတွေအားလုံးကို ဖယ်ရှားနိုင်စွမ်း ရှိတယ်လို့လည်း ပြောထားပါတယ်။

ဒါပေမဲ့ ထရမ့်ပ်ဟာ အဲဒီလို နှစ်ပတ်အတွင်းဆိုတဲ့ နောက်ဆုံးရက်သတ်မှတ်ချက်မျိုး အရင်ကလည်း ထုတ်ပြန်လေ့ရှိပါတယ်။

ရုရှားအနေနဲ့  ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဆန္ဒရှိကြောင်း နှစ်ပတ်အတွင်း မပြသရင် စီးပွားရေး အရေးယူပိတ်ဆို့မှုသစ်တွေ လုပ်မယ်လို့ သတိပေးခဲ့ပေမဲ့ အခုထိ ဘာမှ မဆုံးဖြတ်ရသေးပါဘူး။

လွန်ခဲ့တဲ့တပတ်ကလည်း နှစ်ပတ်အတွင်း အမေရိကန်ဟာ စည်းကြပ်ခွန် လယ်ဗယ်အသစ်တွေ အကြောင်း အသိပေးစာတွေ ကုန်သွယ်ဖက်နိုင်ငံတွေကို ပို့မယ်လို့ ပြောထားပါတယ်။

မေလတုန်းကလည်း သွင်းကုန်ခွန်သစ်တွေအတွက် နှစ်ပတ်ကနေ သုံးပတ်အတွင်း စမယ်လို့ ပြောခဲ့ပေမဲ့ ရက်ကျော်သွားခဲ့ပါတယ်။

၂၀၂၀ တုန်းကလည်း ပြည့်စုံတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်မျိုး နှစ်ပတ်အတွင်း ချပြမယ်လို့ ပြောခဲ့ဖူးပေမဲ့ တကယ်တမ်း မထုတ်ပြန်ဖြစ်ခဲ့ပါဘူး။

အစ္စရေးစစ်တပ်ကတော့ ၁၉ ရက်နေ့ ညပိုင်းမှာ အီရန်စစ်စခန်း ဒါဇင်ချီကို တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့သလို အီရန်ကလည်း အစ္စရေးကို ဒုံးကျည်တွေနဲ့ ဆက်လက်ပစ်ခတ် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

အစ္စရေးတောင်ပိုင်း ဘီယာရ် ရှီဗာမှာ အီရန်ဒုံးကျည်တိုက်ခိုက်မှုကြောင့် ၁၉ ရက်နေ့က ၇၁ ယောက် ဒဏ်ရာရခဲ့ပြီး ၂၀ ရက်နေ့ အစောပိုင်း သိရတဲ့အခြေအနေအရ အစ္စရေးတောင်ပိုင်းမှာ နောက်ထပ် ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီမြို့က မိုက်ခရိုဆော့ဖ်ရုံးနားမှာလည်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

အီရန်ဘက်ကတော့ ၂၀ ရက်နေ့ အစောပိုင်း အသေအပျောက်စာရင်း မသိရသေးပါဘူး။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယန်းနိုးလ် ဘားရော့တ်ကတော့ အခုဆွေးနွေးပွဲဟာ “အီရန် နျူကလီးယားရဲ့ ပဲ့ထိန်းဒုံးကျည်စီမံကိန်းတွေကနေ ရေရှည်နောက်ပြန်ဆုတ်တဲ့ ကတိတခုရဖို့ ရည်ရွယ်တယ်” လို့ ပြောပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီကတော့ “အခုအချိန်ဟာ အရှေ့အလယ်ပိုင်းမှာ စိုးရိမ်ဖွယ်မြင်ကွင်းတွေကို ရပ်တန့်ပြီးတော့ ဘယ်သူမှ အကျိုးမရှိတဲ့ ဒေသတွင်းတင်းမာမှုက ကာကွယ်ရမဲ့အချိန်” လို့ လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။

လမ်မီဟာ အစောပိုင်းမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီဘို နဲ့လည်း တွေ့ဆုံခဲ့ပြီးတော့ အီရန်နိုင်ငံ ဘယ်သောအခါမှ နျူကလီးယားလက်နက် မထုတ်လုပ်၊ မရရှိစေရေးအတွက် သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013