
မက္ကဆီကိုအာဏာပိုင်တွေဟာ အမေရိကန်ပြည်ထောင်စုနဲ့ မက္ကဆီကိုနိုင်ငံကို ဆက်သွယ်ထားတဲ့ မြေအောက် လျှို့ဝှက် ဥမင်လိုဏ်ခေါင်းတခုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဇွန် ၁၉ ရက်မှာ မက္ကဆီကိုအာဏာပိုင်တွေက ပြောပါတယ်။
၂ နိုင်ငံအကြား မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု အထူးသဖြင့် ဖန်တာနဲလ်ကို တားဆီးရေး ဝါရှင်တန်မှ ဖိအားပေးနေချိန်မှာ မက္ကဆီကို နယ်စပ်မြို့ တီဝါနာကနေ အမေရိကန်ပြည်ထောင်စု ဆန်ဒီယေဂိုပြည်နယ်နဲ့ ဆက်သွယ်ထားတဲ့ အဲဒီဥမင်လိုဏ်ခေါင်းကို တွေ့ရှိခဲ့တာပါ။
အဲဒီဥမင်လိုဏ်ခေါင်းဟာ အနက် ၁၃ ဒသမ ၅ မီတာရှိပြီး ခန့်မှန်းခြေအားဖြင့် မီတာ ၆၀၀ ရှည်လျားကြောင်း လုံခြုံရေးနဲ့ နိုင်ငံသားကာကွယ်ရေး အတွင်းရေးမှူးရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီဆိုက်ရဲ့အတွင်းမှာ မက်သာဖက်တမင်း စိတ်ကြွဆေးပြားတွေနဲ့ ပစ္စည်းတွေကို သယ်ယူပို့ဆောင်ရာမှာ အသုံးပြုတဲ့ ပစ္စည်းမျိုးစုံပါတဲ့ အထုပ်တထုပ်လည်း ရှိနေတယ်လို့ ဆိုပါတယ်။
မက္ကဆီကန်ဂိုဏ်းတွေဟာ မူးယစ်ဆေးဝါးတွေ၊ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ အမျိုးမျိုးသော အရာဝတ္ထုတွေကို သယ်ဆောင်ဖို့အတွက် ပုံစံတူဆောက်လုပ်ရေးတွေကို နှစ်ပေါင်းများစွာ အသုံးပြုလာခဲ့ပြီး အဲဒီလျှို့ဝှက်လမ်းကြောင်းတွေကို “narco-tunnels” လို့ လူသိများလာခဲ့ကြပါတယ်။
တချို့နေရာတွေမှာတော့ ခေတ်မီပြီး လေဝင်လေထွက်စနစ်၊ ရထားသံလမ်းတွေ၊ လှည်းငယ်တွေနဲ့ လျှပ်စစ်မီးတွေပါ ရှိတတ်ပါတယ်။
Source: Reuters