
ဘောလုံးကွင်း ၂၀ စာရှိတဲ့ ကမ္ဘာ့အကြီးဆုံး ကားသယ်သင်္ဘောကြီးရဲ့ ပထမဆုံးခရီးစဉ်ဟာ ပြီးခဲ့တဲ့လကုန်ပိုင်းက ဘရားဇီးနိုင်ငံ အီတာဂျိုင်ဆိပ်ကမ်းမှာ ဆိုက်ကပ်ပြီး အဆုံးသတ်ခဲ့ပါတယ်။
ဒါပေမဲ့ လူတိုင်းက ဒီခရီးစဉ်ကို ကြိုဆိုခဲ့ကြတာတော့ မဟုတ်ပါဘူး။ တရုတ်ထိပ်တန်းလျှပ်စစ်နဲ့ hybrid ကားကုမ္ပဏီ BYD ဟာ စိမ်းလန်းကားလှုပ်ရှားမှု မထွန်းကားသေးတဲ့ ဘရာဇီးမှာ တန်ဖိုးနည်း ရွေးချယ်စရာတခု ဖြစ်လာပါတယ်။
BYD နဲ့ တခြား တရုတ်ကားတွေ အလုံးအရင်း ဝင်ရောက်လာတာကြောင့် ပြည်တွင်းက အားကောင်းတဲ့ ကားထုတ်လုပ်ရေးလုပ်ငန်းနဲ့ အလုပ်အကိုင်တွေ ထိခိုက်လာမှာကို ကားလုပ်ငန်းနယ်ပယ်ကရော၊ အလုပ်သမား ခေါင်းဆောင်တွေကပါ စိုးရိမ်နေကြပါတယ်။
BYD ဟာ ပြည်ပမှာ ချဲ့ထွင်မှု အရှိန်မြှင့်ဖို့အတွက် ကားတင်သင်္ဘောကြီးတွေ ပို့နေရာမှာ ဘရာဇီးဟာ နံပါတ်တစ်ပစ်မှတ် ဖြစ်လာတယ်လို့ ရိုက်တာစစ်တမ်းတွေက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့မေလက တင်ပို့မှုဟာ ဘရာဇီးကို BYD ရဲ့ ၄ ကြိမ်မြောက် တင်ပို့မှု ဖြစ်ပြီးတော့ စုစုပေါင်းအစီးရေ ၂၂,၀၀၀ ရှိသွားပြီလို့ သိရပါတယ်။
ဒီတနှစ်အတွင်း ဘရာဇီးကို တရုတ်ကားတင်သွင်းတာ အစီးရေ ၂၀၀,၀၀၀ အထိ ရှိလာမယ်လို့ ဘရာဇီးကားလုပ်ငန်းအသင်းက ခန့်မှန်းထားပါတယ်။
တရုတ်ဟာ ဘရာဇီးမှာ စက်ရုံတွေတည်ဆောက်၊ အလုပ်အကိုင်တွေ ဖန်တီးမယ့်အစား လတ်တလော စည်းကြပ်ခွန် နည်းလွန်းနေတာကို အခွင့်ကောင်းယူပြီးတော့ တင်သွင်းနေတာလို့ ကားလုပ်ငန်းနဲ့ အလုပ်သမားသမဂ္ဂတွေက ဝေဖန်ထားကြပါတယ်။
ဒါကြောင့် EV တင်သွင်းမှုအားလုံးကို အခွန် ၁၀ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းအထိ တိုးကောက်ဖို့ပါ တောင်းဆိုထားကြပါတယ်။
ဘရာဇီးဟာ ကမ္ဘာမှာ အစီးရေအားဖြင့် တွက်ရင် ဆဋ္ဌမမြောက် အကြီးဆုံး ကားစျေးကွက်ဖြစ်ပြီးတော့ ဗောက်စ်ဝက်ဂွန်၊ ဂျင်နရယ်မော်တာ၊ Jeep ထုတ်လုပ်သူ Stellantis စတဲ့ ကားကုမ္ပဏီကြီးတွေက နိုင်ငံတွင်းမှာတင် ထုတ်လုပ်နေတာ ဆယ်စုနှစ်ပေါင်းများစွာ ရှိပြီဖြစ်ပါတယ်။
ဒါပေမဲ့ ဘရာဇီးအစိုးရက လျှပ်စစ်နဲ့ hybrid ကားတွေ ဦးစားပေးတဲ့ မူဝါဒ ချမှတ်လာချိန်မှာတော့ BYD လို တရုတ်ကားကုမ္ပဏီကြီးတွေက အလုံးအရင်းနဲ့ တင်ပို့လာတာဖြစ်ပါတယ်။
Source: Reuters