Home
နိုင်ငံတကာ
တီဟီရန်ရှိ အီရန် အထူးတပ်ဖွဲ့ဌာနချုပ်ကို အစ္စရေး တိုက်ခိုက်
DVB
·
June 20, 2025
Photo: ISRAELI ARMY

အစ္စရေးစစ်တပ်ဟာ အီရန်အစိုးရရဲ့ အဓိက စစ်ရေးအဖွဲ့အစည်းတခုဖြစ်တဲ့ တီဟီရန်ရှိ ပြည်တွင်းလုံခြုံရေး ယန္တရားရဲ့ အီရန်အထူးတပ်ဖွဲ့ဌာနချုပ်ကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ အက်ဖီ ဒက်ဖ်ရင်က ဇွန် ၁၉ ရက်မှာ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေနဲ့ တပြိုင်နက် ဂျက်တိုက်လေယာဉ်တွေဟာ ထောက်လှမ်းရေးဌာနရဲ့ ညွှန်ကြားမှုအတိုင်း မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်တိုက်ခိုက်မှု လှိုင်းလုံးတွေနဲ့ အပြီးသတ်ခဲ့တယ်လို့ ဆိုပါတယ်။

အစ္စရေးဟာ အီရန်အစိုးရရဲ့ မဟာဗျူဟာမြောက် စွမ်းဆောင်နိုင်မှုတွေကို ဆက်လက်ငြင်းဆိုထားပြီး အစ္စရေးနိုင်ငံသားတွေအပေါ် ခြိမ်းခြောက်မှုကို လျှော့ချတာလို့လည်း ပြောပါတယ်။

ကြာသပတေးနေ့ ညနေခင်း မှောင်လာချိန်မှာ အီရန်မီဒီယာတွေက လေကြောင်းရန်ကာကွယ်ရေးတွေက တီဟီရန်မြောက်ပိုင်းမှာ ရန်လိုတဲ့ ပစ်မှတ်တွေကို တုံ့ပြန်တိုက်ခိုက်နေကြောင်း ဖော်ပြကြပါတယ်။

အစ္စရေးဟာ ကြာသပတေးနေ့က အီရန်နိုင်ငံရှိ နျူကလီးယားပစ်မှတ်တွေကို ဗုံးကြဲခဲ့ပြီး အီရန်ကလည်း အစ္စရေးကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့ကာ သီတင်းတပတ်ကြာ လေကြောင်းစစ်ပွဲ အရှိန်မြင့်လာချိန်မှာ တဖက်ဖက်က စစ်ပွဲကနေ ထွက်ခွာမယ့် ဗျူဟာကို လက္ခဏာမပြသေးပါဘူး။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အီရန်ရဲ့ နျူကလီးယားစွမ်းအင် ထုတ်လုပ်ရေးမှာ အသုံးပြုတဲ့ ယူရေနီယံကို ခွဲထုတ်တဲ့ အမြန်လှည့်စက် စင်ထရီဖျူ့ဂျ်တွေနဲ့ ဒုံးကျည်စွမ်းရည်တွေကို ဖျက်ဆီးလိုက်ခြင်းထက် ပိုမိုလုပ်ဆောင်ဖို့ ရည်ရွယ်ထားတာပါ။

အီရန်အဓိပတိခေါင်းဆောင် ခါမေနီ အစိုးရရဲ့ အခြေခံအုတ်မြစ်တွေကို ဖြိုချဖို့ ကြိုးပမ်းနေတာဖြစ်ပြီး အဲဒါတွေလည်း ပြိုကျလုနီးပါးဖြစ်နေပြီလို့ အစ္စရေး၊ အနောက်အုပ်စုနဲ့ ဒေသတာဝန်ရှိသူတွေက ပြောပါတယ်။

အီရန်အစိုးရ အပြောင်းအလဲ သို့မဟုတ် ကျဆုံးခြင်းဟာ အစ္စရေး စစ်ရေးလှုပ်ရှားမှုရဲ့ ပန်းတိုင် မဟုတ်ပေမဲ့ ရလဒ်အဖြစ် ထွက်ပေါ်လာနိုင်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဇွန် ၁၉ ရက်မှာ အစ္စရေး အများဆိုင်ရုပ်သံဌာနဖြစ်တဲ့ ခန်းန် ရုပ်သံဌာနကို ပြောကြားပါတယ်။

“ဒီအစိုးရကို ပြောင်းလဲဖို့ ဒါမှမဟုတ် ပြုတ်ကျဖို့ကိစ္စဟာ အီရန်ပြည်သူတွေအတွက် ပထမဆုံးနဲ့ အရေးအကြီးဆုံးကိစ္စပါ။ ဒီအတွက် အစားထိုးစရာ မရှိပါဘူး” လို့လည်း ဆိုပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024