
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က နိုင်ငံခြားငွေတွေ ထုတ်ရောင်းပြီး လောင်စာဆီဈေးကို ထိန်းသိမ်းဖို့ ကြိုးပမ်းနေပေမဲ့ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းနဲ့ စင်ကာပူ MOPS ဈေး တက်လာမှုကြောင့် ပြည်တွင်းလောင်စာဆီဈေးလည်း နှစ်ပတ်ဆက်တိုက် ပြန်လည်မြင့်တက်လာခဲ့ပါတယ်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ထုတ်ပြန်ချက်အရ အခုအပတ်ဈေးနှုန်းတွေက ၉၂ ဓာတ်ဆီ တလီတာကို ၂,၉၆၀ ကျပ်၊ ၉၅ ဓာတ်ဆီက ၃,၀၃၀ ကျပ်၊ ဒီဇယ်က ၂,၅၀၀ ကျပ်နဲ့ ပရီမီယံဒီဇယ်က ၃,၁၀၀ ကျပ် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီးတင်းပတ်နဲ့ နှိုင်းယှဉ်ရင် ဓာတ်ဆီနဲ့ ဒီဇယ်ဈေးနှုန်းတွေက တလီတာကို အများဆုံး ၁၁၅ ကျပ်အထိ မြင့်တက်လာ တွေ့ရပါတယ်။
ဈေးတက်လာရတဲ့ကြောင်းအရင်းက ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေးတင်းမာမှုတွေနဲ့ ကမ္ဘာ့ရေနံဈေး မြင့်တက်လာတာတွေကြောင့်လို့ ဈေးကွက်လေ့လာသူတွေက သုံးသပ်ကြပါတယ်။
စစ်ကောင်စီအနေနဲ့ စက်သုံးဆီဈေးတည်ငြိမ်စေဖို့ စင်ကာပူ MOPS ဈေးနှုန်း၊ ဒေါ်လာငွေလဲနှုန်းနဲ့ ပြည်တွင်းဝယ်လိုအားတို့အပေါ်မူတည်ပြီး အပတ်စဥ် ရည်ညွှန်းလက်လီဈေးတွေကို ထုတ်ပြန်ပေးနေတာ ဖြစ်ပါတယ်။
တဖက်မှာလည်း မြန်မာကျပ်နဲ့ ဒေါ်လာအကြား လဲလှယ်နှုန်းက မေလနှောင်းပိုင်းကစကာ တက်ရိပ်ပြခဲ့ပြီး ဒီနေ့ဇွန် ၂၀ ရက်နေ့မှာ တဒေါ်လာကို ၄,၅၉၀ ကျပ်အထိ မြင့်တက်လာခဲ့ပါတယ်။
လောင်စာဈေးထိန်းဖို့အတွက် စစ်ကောင်စီဟာ အခုလအတွင်း စက်သုံးဆီလုပ်ငန်းတွေကို ဒေါ်လာ ၉၅ သန်းအထိ ရောင်းချပေးမယ်လို့ ကြေညာထားပေမဲ့ ဈေးကွက်ထဲကို နိုင်ငံခြားငွေတွေ မကြာခဏ ထုတ်ရောင်းချတာနဲ့ ရေရှည် ဈေးနှုန်း ထိန်းချုပ်နိုင်မှုရှိမရှိကို စီးပွားရေးလေ့လာသူတွေက မေးခွန်းထုတ်နေကြဆဲ ဖြစ်ပါတယ်။