
နိုင်ငံရေးမတည်မငြိမ်ဖြစ်နေချိန်မှာ စစ်အာဏာသိမ်းတာကို အစွမ်းကုန်ရှောင်လွှဲကြဖို့ ထိုင်းခရီးသွားလုပ်ငန်းကောင်စီက တိုက်တွန်းလိုက်ပါတယ်။
အာဏာသိမ်းလိုက်ရင် ပြင်ပစီးပွားရေးနဲ့ ပထဝီနိုင်ငံရေး အခြေအနေတွေကြောင့် ထိခိုက်နေတဲ့ ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှု ပိုဆိုးလာနိုင်တယ်လို့လည်း သတိပေးပါတယ်။
ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း၊ လက်ရှိအထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်တို့ရဲ့ နယ်စပ်ပြဿနာ ဖုန်းဆက်သွယ်ဆွေးနွေးမှု အသံဖိုင် ပေါက်ကြားလာခဲ့ချိန်မှာ ဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့၊ လွှတ်တော်ဖျက်သိမ်းဖို့ တောင်းဆိုမှုတွေ အားကောင်းလာခဲ့ပါတယ်။
တချိန်တည်းမှာပဲ အာဏာသိမ်းတော့မလားဆိုတဲ့ အသံတွေလည်း လူမှုကွန်ရက်မှာ ထွက်ပေါ်လာခဲ့ပါတယ်။
ခရီးသွားကောင်စီ ဒုဥက္ကဋ္ဌ ရတ်ချာပွန်း ပူးစ်ဝါဒီးက “နိုင်ငံရေးမငြိမ်သက်မှုကို ဒီမိုကရက်တစ် ယန္တရားတွေနဲ့ပဲ ဖြေရှင်းရပါမယ်။ ၂၀၁၄ တုန်းကလို အာဏာသိမ်းပြီး မဖြေရှင်းသင့်ပါဘူး” လို့ သတိပေးပါတယ်။
အာဏာသိမ်းထားတဲ့အချိန်တုန်းကဆိုရင် ခရီးသွားတွေ ဝင်ရောက်ဖို့ ယုံကြည်မှု ကင်းမဲ့တာကြောင့် နိုင်ငံခြားခရီးသွားဝင်ရောက်မှု ထိုးကျသွားခဲ့တယ်လို့ ရတ်ချာပွန်းက ထောက်ပြပါတယ်။
ပုံမှန်အားဖြင့် အာဏာသိမ်းမှု ကြုံတွေ့နေရတဲ့ နိုင်ငံတခုမှာ ဖြစ်ပွားတဲ့ မတော်တဆမှုတွေအတွက် ခရီးသွားအာမခံ အကြုံးမဝင်တာကလည်း ခရီးသွားအလာကျစေတဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။
တရုတ်စျေးကွက်၊ အမေရိကန်စည်းကြပ်ခွန်၊ အီရန်-အစ္စရေးစစ်ပွဲ စတဲ့ ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုတွေကြောင့် ထိုင်းခရီးသွားလုပ်ငန်းဟာ နှစ်စကတည်းက ထိခိုက်မှုတွေ ရှိနေတဲ့အတွက် ခရီးသွားယုံကြည်မှု ဆက်ထိန်းထားဖို့ လိုတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးမတည်ငြိမ်တာကြောင့် ၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်အတည်ပြုဖို့ နောက်ကျရင်လည်း ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေးအစီအမံတွေအပေါ် ထိခိုက်လာမှာကို စိုးရိမ်နေကြပါတယ်။
Source: Reuters