
မြင်းခြံခရိုင်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထောက်ခံတဲ့ရွာတွေကို ဗုံးကြဲဖို့ ဇွန် ၁၇ ရက်မှာ စစ်ကောင်စီခန့် မန္တလေးတိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးက ဌာနဆိုင်ရာဝန်ထမ်းတွေဆီက ဒေသဆိုင်ရာ အချက်အလက်တွေ တောင်းယူခဲ့တယ်လို့ သိရပါတယ်။
မြင်းခြံခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ဇွန် ၁၇ ရက် နေ့လယ် ၂ နာရီက နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးက မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်က စစ်တပ်၊ ရဲနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ တွေ့ဆုံပြီး ဒေသဆိုင်ရာ အချက်အလက်တွေကို တောင်းခံခဲ့တာလို့ ဝန်ထမ်းတယောက်က ပြောပါတယ်။
“မြို့နယ်အလိုက် PDF တွေရှိတဲ့ရွာရော PDF ထောက်ခံတဲ့ ရွာတွေရော စာရင်းပေးရတယ်။ ဝန်ကြီးသိချင်တဲ့ နေရာဆို ကိုယ့်မြို့နယ်မြေပုံမှာ မင်နီနဲ့ ဝိုင်းပြရတယ်။ ဘာလုပ်ဖို့လဲဆိုတော့ ဗုံးကြဲဖို့။ မြင်းခြံက စီမံဥက္ကဋ္ဌက ဘယ်ရွာတွေပြလိုက်လဲ မသိဘူး၊ နောက်ရက် သိမ်ကုန်းနဲ့ ရွှေဘုံသာရွာတွေ ဗုံးကြဲခံရတာပဲ။”
ဇွန် ၁၈ ရက် နေ့လယ်က မြင်းခြံ-မြို့သာလမ်းပိုင်းရှိ သိမ်ကုန်းရွာအနီးနဲ့ ရွှေဘုံသာရွာဘက်မှာ လေကြောင်းကနေ ဗုံးကြဲမှုကြောင့် အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရတာ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာမြို့တွေကို စစ်ကြောင်းထိုးဖို့ ဦးဆောင်သူမှာ ဒုတိယဗိုလ်မှူးကြီးရဲမြင့် ဖြစ်ပြီး မြင်းခြံမြို့က ကျေးရွာတွေကို ဗုံးကြဲဖို့ ပစ်မှတ်ပေးသူမှာ အဖွဲ့ဝင် ၁ ဗိုလ်မှူးထွန်းလင်းအောင် ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။
“PDF သွားလာတဲ့နေရာတိုင်းကို PDF ရွာလို့ သတ်မှတ်ပြီး ဗုံးကြဲရင် တမြို့လုံး ဗုံးကြဲမှ ရမယ်။ PDF က နေရာတိုင်းမှာရှိနေတာ။ မြေပြင်ကနေ စစ်ကြောင်းထိုးပြီး တိုက်တာ မပြောဘူး၊ လေကြောင်းကနေ ဗုံးကြဲတာက ပြည်သူပဲထိတာ၊ အာ့ကြောင့် လက်မခံဘူး။”
ပြီးခဲ့တဲ့ ဇွန် ၁၄ ရက် ညပိုင်းက မြင်းခြံမြို့နယ်၊ တဲကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တချို့ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။