
ကမ္ဘာ့ရွှေဈေးနှုန်းတွေ မတည်မငြိမ်ဖြစ်တာကြောင့် မြန်မာ့ပြည်တွင်းရွှေဈေးကွက်မှာ ဒီတပတ်အတွင်း အတက်အကျ ပြင်းထန်ခဲ့ပါတယ်။
ရွှေအရောင်းအဝယ်တွေပါ ယာယီရပ်ဆိုင်းရတဲ့အထိ သက်ရောက်မှုတွေ ရှိခဲ့တယ်လို့ ပြည်တွင်း ရွှေဈေးကွက်အတွင်းက သိရပါတယ်။
ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွားရေး မတည်မငြိမ်ဖြစ်တာတွေက ကမ္ဘာ့ရွှေဈေးကို လှုပ်ခတ်စေခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်က တအောင်စကို အမေရိကန်ဒေါ်လာ ၃,၄၄၀ ကျော်အထိ တက်လာခဲ့ပါတယ်။
ဒီလို ကမ္ဘာ့ရွှေဈေးတက်တာနဲ့အတူ ပြည်တွင်းအခေါက်ရွှေဈေးကလည်း ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်က တကျပ်သားကို ကျပ် ၈၁ သိန်းနီးပါးအထိ စံချိန်တင် မြင့်တက်လာခဲ့ပါတယ်။
ဒါပေမဲ့ ရွှေကုန်သည်တွေကို ခေါ်ယူစစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာခဲ့ပြီး ဈေးကွက်ထဲမှာလည်း အရောင်းအဝယ်တွေ ယာယီရပ်ဆိုင်းသွားခဲ့တယ်လို့ သိရပါတယ်။
ဇွန် ၁၉ ရက် မနက်ပိုင်းမှာတော့ ကမ္ဘာ့ရွှေဈေးနှုန်းက တအောင်စကို အမေရိကန်ဒေါ်လာ ၃,၃၅၀ အောက်ကို ပြန်ကျသွားခဲ့လို့ ပြည်တွင်းရွှေဈေးနှုန်းကလည်း တကျပ်သားကို ကျပ် ၇၉ သိန်းခွဲအထိ ပြန်ကျခဲ့ပါတယ်။
ဒါပေမဲ့ ညနေပိုင်းမှာတော့ ကမ္ဘာ့ရွှေဈေးနှုန်း ပြန်တက်လာပြီး အမေရိကန်ဒေါ်လာ ၃,၃၇၀ အထိ ရောက်လာတာကြောင့် ပြည်တွင်းရွှေဈေးကလည်း တကျပ်သားကို ကျပ် သိန်း ၈၀ အထိ ပြန်တက်လာခဲ့ပါတယ်။