
ရန်ကုန်-ပြည်လမ်းမှာ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က လမ်းတွေမှာ တပ်စွဲထားတဲ့အတွက် ပဲခူးတိုင်း အနောက်ခြမ်း မင်းလှမြို့နယ်က ကျေးရွာ ၂၅ ရွာလောက်က ရွာသားတွေ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းလှမြို့နယ် ဆင်အိုင်ချောင်းပေါက်ရွာကနေ တခြားကျေးရွာတွေဘက်ကို ဝင်လာတဲ့ စစ်ကြောင်း ဇွန် ၁၆ ရက် မနက်ပိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ပြီးတဲ့နောက် ရန်ကုန်-ပြည်လမ်းပေါ် စစ်ကွင်းတာဆုံဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း ဗိုလ်မှူးဇော်မျိုးဝင်း (သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးမှူး) အပါအဝင် စစ်ကောင်စီအရာရှိတချို့နဲ့ တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဗိုလ်စောဂျိမ်းစ်က “ပြည်လမ်းပေါ်မှာရှိတဲ့ စစ်ကွင်းတာဆုံပေါ့၊ ပိုက်ဆံကောက်နေတဲ့အဖွဲ့ကို ကျနော်တို့ မစ်ရှင်သွားလုပ်တယ်၊ လုပ်ရင်းနဲ့ ရဲကင်းနဲ့ အရမ်းနီးသွားတော့ ရဲကင်းက လူတွေနဲ့ပါ ထိတွေ့မှု ထပ်ဖြစ်တာပေါ့။ နာရီဝက်လောက်ကြာပြီးတဲ့အခါမှာ ခုနက ဆင်အိုင်ချောင်းပေါက်က ကောင်တွေက ပြန်ဆုတ်သွားပြီးတော့ ပြည်လမ်းပေါ်ကို စစ်ကူလာတာပေါ့။ လာတဲ့အခါမှာ ကျနော်တို့ဆီက ဖြတ်တောက်ရေးနဲ့ ထိတွေ့မှု ထပ်ဖြစ်တယ်။ ဖြစ်တော့ အဲဒီ Faw ကားတစီးလုံး ပါတဲ့သူ အကုန်သေတာ၊ အလောင်းတွေဆိုတာ ပုံထပ်နေတာပဲ။ ဆင်းလာတဲ့အကောင် အကုန်သေတာ။ ကားခေါင်းခန်းမှာ ပါတဲ့ကောင်တွေလည်း သေတယ်၊ တိုက်ပွဲနည်းနည်းကြာပြီးတော့ ကျနော်တို့ဘက်က ခဲယမ်းအားနည်းတော့ ပြန်ဆုတ်ပေးလိုက်ရတယ်” လို့ ပြောပါတယ်။
ရန်ကုန်-ပြည်လမ်းတလျှောက်ကို စစ်ကောင်စီက အင်အားတိုးချထားကာ ကုန်ပစ္စည်းသယ်ယူမှုနဲ့ လူအသွားအလာကို ကန့်သတ်ထားတယ်လို့ သိရပါတယ်။ ဆင်အိုင်ချောင်းပေါက်ရွာကတဆင့် ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။
မင်းလှမြို့နယ်ထဲက တောင်ပြတ်၊ ဆင်အိုင်ချောင်းပေါက်၊ ငမိုးရိပ်၊ ဂန့်ဂေါ်ပင်၊ ဆားချောင်း အပါအဝင် ကျေးရွာ ၂၀ ကျော်ကို လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်နေတဲ့အတွက် ပြည်သူတွေ သတိထားနေထိုင်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။
ဇွန် ၁၈ ရက်မှာလည်း ဖာလေးကွင်းမြောက်စုကျေးရွာထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၈၀ အရွယ် အဘွားအိုတယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မင်းလှဒေသခံက “အကုန်လုံးပိတ်ထားတာလေ၊ ဘယ်ရွာတွေမှ ထွက်လို့မရဘူး၊ ခြေကျင်ပဲ ထွက်လို့ရမှာ။ တာလေးဘက်ကျတော့လည်း အထွက်ခံဘူး၊ ပိတ်ထားတယ်၊ ဘယ်ကမှ ထွက်စရာမရှိဘူး။ တခုတော့ရှိတယ်၊ တောလမ်းကနေ ဖြတ်ထွက်ပြီး ခြေကျင်သွားရင်တော့ ရတယ်။ ကိုယ့်မိသားစုရှိရာတွေ ပြေးကြတာပေါ့၊ စစ်ကွင်းတွေရောက် ဟိုရောက်ဒီရောက်တွေ ပြေးကြတာပေါ့၊ ရွာအတည်တကျတွေတော့ မရှိဘူးပေါ့ နီးစပ်ရာတွေပေါ့။ ပထမ ရွှေဝါမြိုင်ကျောင်းမှာ တည်းကြသေးတယ်၊ ရွာကလူ အတော်များများ၊ ပြီးကျ ရွှေဝါမြိုင်မှာလည်း ထပ်ဖြစ်ရော ရွာဝါမြိုင်ကနေ တခါ ဟိုဘက်တွေပြေးကြတာ” လို့ ပြောပါတယ်။
တိုက်ပွဲကြောင့် ရန်ကုန်-ပြည်လမ်းတလျှောက် ကျေးရွာတွေက စာသင်ကျောင်းတွေ ပိတ်ထားရတယ်လို့ သိရပါတယ်။
သီရိ