
၂ နိုင်ငံကြား သံတမန်ဆက်ဆံရေး တင်းမာနေခဲ့ပြီးနောက် ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးနဲ့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီ တို့ဟာ G7 ထိပ်သီးအစည်းအဝေးပြင်ပမှာ သီးသန့်တွေ့ဆုံခဲ့ကြပါတယ်။
၂၀၂၃ ခုနှစ်အတွင်း ကနေဒါနိုင်ငံမှာ ဆစ်ခ် ခွဲထွက်ရေးခေါင်းဆောင်တယောက် လုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး အိန္ဒိယအနေနဲ့ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအရ အချေအတင် ဖြစ်ခဲ့ကြတာပါ။
အဲဒီနောက် နှစ်ဖက်စလုံးက အဆင့်မြင့်သံတမန်တွေကို အပြန်အလှန် ဖယ်ရှားတဲ့အထိ ပြင်းထန်ခဲ့ပေမဲ့လည်း လက်ရှိအချိန်မှာတော့ ပြေလျော့လာပုံရပါတယ်။
ဒါဟာ G7 ထိပ်သီးအစည်းအဝေးအပြီး အိန္ဒိယနဲ့ ကနေဒါရဲ့ သီးခြားထုတ်ပြန်ချက်အရ သံအမတ်အသစ်တွေ ပြန်ခန့်အပ်မယ့်အကြောင်း အတည်ပြုခဲ့တာကြောင့် ဖြစ်ပါတယ်။
၂ နိုင်ငံကြား ကုန်သွယ်ရေးဆွေးနွေးပွဲတွေ အပါအဝင် ဗီဇာလျှောက်ထားခွင့်နဲ့ သူတို့နိုင်ငံသားတွေအတွက် တခြားဝန်ဆောင်မှုတွေပါ တဖန်ပြန်စမယ်လို့ ဆိုပါတယ်။
ဒါပေမဲ့လည်း ဆက်ဆံရေးယိုယွင်းလာရတဲ့ အကြောင်းအရင်းကိုတော့ နှစ်ဖက်စလုံးက ဖော်ပြခဲ့ခြင်း မရှိပါဘူး။
လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ဆစ်ခ် တက်ကြွလှုပ်ရှားသူ ဟာဒိ(ပ်) ဆင်းန် နီဂျာကို လုပ်ကြံသတ်ဖြတ်ဖို့ အတွက် အိန္ဒိယအစိုးရအနေနဲ့ အကွက်ချစီစဉ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတာပါ။
ဘရစ်တစ်ချ် ကိုလံဘီယာ ပြည်နယ်က ဆစ်ခ် ဘုရားကျောင်းတခုရဲ့ ကားပါကင်နေရာမှာ နီဂျာကို ပစ်သတ်ခဲ့တာလည်း ဖြစ်ပါတယ်။
နီဂျာဟာ အိန္ဒိယနိုင်ငံကနေ ခွဲထွက်ပြီး ခါလစ္စတန် ဆိုတဲ့ လွတ်လပ်သော ဆစ်ခ် နိုင်ငံတော် ထူထောင်ရေးကို ထောက်ခံခဲ့သလို ကနေဒါနိုင်ငံသားအဖြစ် ခံယူထားသူလည်း ဖြစ်ပါတယ်။
အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ကနေဒါအစိုးရက အိန္ဒိယသံတမန် ၆ ယောက်ကို ပြည်နှင်ဒဏ်ပေးခဲ့တဲ့ အပြင် ကျူးလွန်သူအဖြစ် သံသယရှိတဲ့ အမျိုးသား ၄ ယောက်ကိုပါ စွဲချက်တင်ထားပါတယ်။
မိုဒီအစိုးရကတော့ နီဂျာကို အကြမ်းဖက်သမားအဖြစ် သတ်မှတ်ထားပေမဲ့လည်း လုပ်ကြံသတ်ဖြတ်ရာမှာ လုံး၀ ပါဝင်ခဲ့ခြင်းမရှိကြောင်း ငြင်းဆန်ထားပါတယ်။
ဒါ့အပြင် ကနေဒါဘက်က ဆစ်ခ် ခွဲထွက်ရေးသမားတွေကို ခိုလှိုခွင့်ပေးထားတယ်ဆိုပြီး ဝေဖန်ခဲ့ပါသေးတယ်။
အိန္ဒိယပြင်ပမှာဆိုရင် ကနေဒါဟာ ဆစ်ခ်ဘာသာဝင် အများဆုံးနေထိုင်ရာ နိုင်ငံဖြစ်ပြီး အရေအတွက် ၈ သိန်းလောက် ရှိပါတယ်။
အဲလ်ဘာတာပြည်နယ်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံရဲ့ G7 ထိပ်သီးအစည်းအဝေးအတွင်း အိန္ဒိယဟာ အဖွဲ့ဝင်မဟုတ်ပေမဲ့ ကမ္ဘာ့ကုန်သွယ်ရေးကွင်းဆက်မှာ အရေးပါတဲ့အလျောက် အခုလိုမျိုး တက်ရောက်ခွင့်ရခဲ့တာပါ။
Source: Reuters