DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းတွင် စစ်ရှောင်စခန်း ရေကြီးပြီး စစ်ရှောင် ၂၀၀ ကျော် အကူအညီလိုအပ်
DVB
·
June 19, 2025
ပုဏ္ဏားကျွန်းတွင် စစ်ရှောင်စခန်း ရေကြီးပြီး စစ်ရှောင် ၂၀၀ ကျော် အကူအညီလိုအပ်
1 / 7
Donate to DVB

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့က စစ်ဘေးရှောင်စခန်းတခု ဇွန် ၁၈ ရက် မနက်ပိုင်းကစပြီး ရေမြုပ်နေလို့ စစ်ရှောင် အယောက် ၂၀၀ ကျော် အကူအညီ လိုအပ်နေတယ်လို့ ပုဏ္ဏားကျွန်းလူငယ်များ အစည်းအရုံးဆီက သိရပါတယ်။

မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေကြောင့် ‌စစ်ရှောင်နေအိမ်တွေ နစ်မြုပ်သွားပြီး စစ်ရှောင်တွေလည်း တောင်ပေါ်တက် ရေဘေးရှောင်နေကြရလို့ စားရေးသောက်ရေးနဲ့ နေထိုင်စရာ အခက်အခဲတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး တာဝန်ရှိသူတယောက်က “မနက်ကမှ စပြီး ကြီးတာဗျ။ မိုးတွေ တအားရွာတော့လေ တောင်ကျရေတွေ ဝင်ပြီးတော့ စခန်းတွေ ရေမြုပ်တာတွေ ဖြစ်သွားတာ။ ထမင်းချက်စားဖို့ အဆင်မပြေဘူး။ အိပ်မယ့်နေရာတွေလည်း မရှိတော့ဘူးဗျ။ စောင်တွေကော၊ တခြားတော့ ထမင်းကျွေးဖို့ ကျနော်တို့ စီစဉ်ဆောင်ရွက်နေတာတော့ ရှိတယ်ဗျ။ ရေက ရင်ညွန့်လောက်တက်နေတာ။ တချို့နေရာတွေဆို ခါးလောက်ရောက်တယ်” လို့ DVB ကို ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ စစ်ရှောင်စခန်း ၅ ခုဝန်းကျင်အထိ ရှိနေပြီး နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင်အများစုဟာ စစ်တွေ၊ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းမြို့က ဒေသခံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီဒေသခံတွေဟာ ပုဏ္ဏားကျွန်းမြို့တွင်းကို ပြန်မဝင်ရသေးတာကြောင့်နဲ့ တခြားဒေသက လာစစ်ရှောင်သူတွေဟာလည်း စစ်ရေးအခြေအနေတွေကြောင့် မပြန်နိုင်သေးတာလို့ ဆိုပါတယ်။

ပုဏ္ဏားကျွန်းက စစ်ရှောင်တယောက်က “စစ်ရှောင်စခန်းတွေက အများကြီးရှိတယ်ဗျ။ ဒီစခန်းပဲ ဖြစ်သွားတာဗျ။ စခန်းက အကြီးကြီးတော့ မဟုတ်ဘူး။ ကျနော်သိတာကတော့ ဒီစခန်းက ဒီတခေါက်ပဲ ကြီးကြီးမားမား ရေကြီးဖူးတာပါ။ တာဝန်ရှိသူတွေကိုတော့ ကျနော်တို့ အကြောင်းကြားထားပါတယ်။ မြို့ထဲ ပြန်မဝင်ရတာတွေ ရှိနေလို့ဗျ။ စစ်ရေးအခြေအနေ အရကော တခြားအခြေအနေတွေကြောင့် ပြန်မဝင်ရသေးတာ” လို့ DVB ကို ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်က တခုတည်းသော စစ်ကောင်စီတပ်ရင်းဖြစ်တဲ့ အမှတ် ၅၅၀ ခြေမြန်တပ်ရင်းကို ပြီးခဲ့တဲ့နှစ် မတ် ၄ ရက်မှာ AA က သိမ်းယူပြီး မြို့ကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာပါ။

ပုဏ္ဏားကျွန်းမြို့နယ်ကို AA က သိမ်းယူပြီးနောက် ကျေးရွာ ၂၃ ရွာနဲ့ စစ်ရှောင်စခန်း ၅ ခုမှာ ရေရှားပါးတာနဲ့ ရင်ဆိုင်နေရပြီး ပုဏ္ဏားကျွန်း လူငယ်များအစည်းအရုံးနဲ့ ဒေသတွင်း ကူညီရေးအဖွဲ့တွေက ရေတွေဖြန့်ဝေပေးနေပေမဲ့ လုံလောက်မှုမရှိ ဖြစ်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013