
ပြီးခဲ့တဲ့လက ကမ္ဘောဒီးယားစစ်သားတယောက် သေဆုံးတဲ့အထိဖြစ်ခဲ့တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်အငြင်းပွားမှုမှာ ကမ္ဘောဒီးယား အစိုးရကို ထောက်ခံအားပေးဖို့ ဇွန် ၁၈ ရက်က မြို့တော် ဖနွမ်းပင်မှာ အစိုးရစီစဉ်တဲ့ ချီတက်ပွဲအတွင်း ထောင်ချီတဲ့ ကမ္ဘောဒီးယားပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ချီတက်ဆန္ဒပြသူတွေဟာ ကြွေးကြော်သံတွေ ဟစ်ကြွေးရင်း ကမ္ဘောဒီးယားနိုင်ငံအလံကို ဝှေ့ယမ်းခဲ့ကြကာ ဝန်ကြီးချုပ် ဟွန်မာနက်နဲ့ သူ့အဖေဖြစ်သူ သြဇာတိက္ကမ ကြီးတဲ့ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ရဲ့ ပုံတူတွေကို ကိုင်ဆောင်ခဲ့ကြပါတယ်။
ဝန်ကြီးချုပ်ရဲ့ ညီဖြစ်သူ ဒုတိယဝန်ကြီးချုပ် ဟွန်မန်နီ ဦးဆောင်တဲ့ ချီတက်ပွဲမှာ သံဃာတော်တွေနဲ့ ကျောင်းသားတွေကို မြင်တွေ့ခဲ့ရပါတယ်။
ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ဟာ ကုန်းမြေနယ်နိမိတ်ချင်း ထိစပ်နေတဲ့ အရှည် မိုင် ၅၁၀ ရှိပြီး နယ်စပ်မှာ ပိုင်နက်အတွက် နှစ်ဘက်စလုံးက ဆယ်စုနှစ်များစွာ ယှဉ်ပြိုင်ခဲ့တဲ့ နေရာမှာ ရှေးဟောင်းဘုရားကျောင်းတွေ ရှိနေပါတယ်။
တင်းမာမှုတွေ ဖြေလျှော့ဖို့ ဖနွမ်းပင်မှာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ရက်ပိုင်းအကြာမှာ အခုလို ဆန္ဒပြပွဲတွေ ထွက်ပေါ်လာတာပါ။
ဆွေးနွေးပွဲတွေ မအောင်မြင်ပေမဲ့ နှစ်ဖက်စလုံးက ဆက်ဆွေးနွေးဖို့ ကတိပြုကြပါတယ်။ ဇွန် ၁၅ ရက်မှာ ကမ္ဘောဒီးယားက အငြင်းပွားနယ်မြေ ၄ ခုကို စီရင်ဆုံးဖြတ်ဖို့ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ တိုင်ကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံက တရားရုံးရဲ့ စီရင်ပိုင်ခွင့်အာဏာကို အသိအမှတ်မပြုဘဲ အပြန်အလှန် လုပ်ငန်းစဉ်တွေကိုသာ သုံးမယ်လို့ ကြိမ်ဖန်များစွာ ပြောထားပြီး စက်တင်ဘာလမှာ အစည်းအဝေးကျင်းပဖို့ စီစဉ်ထားပါတယ်။
Source;Reuters