DVB Logo
Home
မြန်မာသတင်း
ကျောင်းသားသပိတ်ကို အပြည့်အ၀ထောက်ခံဝန်းရံပေးမည်ဟုဆို
DVB
·
November 16, 2014
ကျောင်းသားသပိတ်ကို အပြည့်အ၀ထောက်ခံဝန်းရံပေးမည်ဟုဆို
Donate to DVB

လက်ရှိ ဖြစ်ပေါ်နေတဲ့ ကျောင်းသားတွေရဲ့ သပိတ်မှောက် ဆန္ဒပြပွဲတွေကို အပြည့်အဝ ထောက်ခံပြီး ဝိုင်းရံပေးသွားမယ်လို့ တိုင်ရင်းသားအဖွဲ့အစည်းတွေ၊ အလုပ်သမားသမဂ္ဂတွေနဲ့ နိုင်ငံရေး အင်အားစုတွေက ပြောဆိုလိုက်ပါတယ်။

unnamedအမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ ကျောင်းသား တွေရဲ့ သပိတ်မှောက် ဆန္ဒပြပွဲတွေဟာ ရန်ကုန်မြို့မှာ နိုဝင်ဘာ ၁၄ ရက်နေ့ကပြီး  နေ့စဉ် ရက်ဆက် ဖြစ်ပေါ်နေခဲ့တာပါ။

ကျောင်းသားဆန္ဒပြပွဲ ဖြစ်ပေါ်နေတဲ့အပေါ်မှာ ညီညွတ်တဲ့ တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (ယူအန်အေ) အနေနဲ့ အပြည့်အဝထောက်ခံ အားပေးသွားမှာ ဖြစ်ပြီး အစိုးရက အမြန်ဆုံး တွေ့ဆုံ ဆွေးနွေးဖို့ လိုတယ်လို့ ဆိုပါတယ်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးစိုင်းညွန့်လွင်က “ကျောင်းသားတွေရဲ့ လှုပ်ရှားမှုက နိုင်ငံရေးအပြောင်းအလဲလည်း ဖြစ်တတ်တယ်၊ အစဉ်အလာလည်း ရှိခဲ့တယ်၊ မြန်မာ့နိုင်ငံရေးလောကမှာ ကျောင်းသားတွေက စလာတာချည်းပဲ။ ကျောင်းသားထုက တပြည်လုံးမှာ ရှိတယ်။ နောက် ကျနော်တို့အနာဂတ်ကာလကို ပိုင်စိုးမယ့် လူငယ်တွေဖြစ်တယ်။ ဟိုးအရင် ကိုလိုနီအစိုးရခေတ်မှာတုန်းကလည်း ကိုလိုနီအစိုးရက သူ့သဘောနဲ့သူ ပြဋ္ဌာန်းခဲ့တဲ့အတွက် ကျောင်းသားထုနဲ့ အကြီးအကျယ် ပြဿ     နာ ဖြစ်ခဲ့တယ်။ ဒီတကြိမ်မှာတော့ ကိုယ့်တိုင်းရင်းသားအချင်းချင်းဖြစ်တဲ့အခါကျတော့ ဘယ်လိုပဲဖြစ်ဖြစ် ဆွေးနွေးညှိနှိုင်းတယ်ဆိုတာက ဘာမှမခက်ပါဘူး။ ဆွေးနွေးညှိနှိုင်းသင့်တယ်လို့ ကျနော်ထင်တယ်။ ဒီလူငယ်တွေရဲ့အသံ၊ ကျောင်းသားတွေရဲ့သဘောထား၊ ကျောင်းသားတွေ ဖြစ်စေချင်တဲ့ ဆန္ဒကို လေ့လာသင့်တယ်၊ လိုက်လျောသင့်တယ်လို့ ထင်တယ်။ လိုက်လျောနိုင်တဲ့ ဥစ္စာပေါ့။ တကယ်လို့ ဆွေးနွေးတာတွေမလုပ်ဘူး၊ ညှိနှိုင်းတာတွေ မလုပ်ဘူးဆိုရင်  တဖြည်းဖြည်းနဲ့ ကျယ်ပြန့်သွားနိုင်တယ်” လို့ ပြောပါတယ်။

ဇူလိုင်လ ၃၀ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကြောင့် အခုလို သပိတ်မှောက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တာပါ။

ဆန္ဒပြတဲ့ ကျောင်းသားတွေဟာ ဒီမိုကရေစီ ပညာရေး ရရှိဖို့နဲ့ ဗဟိုချုပ်ကိုင်မှုတင်းကြပ်တဲ့ အမျိုးသားပညာရေးဥပဒေကို အလိုမရှိကြောင်းနဲ့ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရဖို့အတွက် သပိမှောက် တောင်းဆိုနေကြတာပါ။

ဒီသပိတ်မှောက် ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ဒီမိုကရေစီနဲ့ အမျိုးသမီးများ ငြိမ်းချမ်းရေး ကွန်ရက်၊ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး ကွန်ရက်အပါအဝင် အဖွဲ့အစည်း အသီးသီးက ထောက်ခံ အားပေးကြောင်း သဘောထားတွေ ထုတ်ပြန်ခဲ့ပါတယ်။

အလုပ်သမားသမဂ္ဂတွေကလည်း ဆန္ဒပြနေတဲ့ ကျောင်းသားတွေနဲ့ တသားတည်း ရှိနေသလို ဝိုင်းရံပေးသွားဖို့ကိုလည်း စီစဉ်နေပြီလို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ  ဦးအောင်လင်းက “ဒီနေ့ ကျောင်းသားလှုပ်ရှားမှုတွေရဲ့ ဦးဆောင်မှုအခန်းကဏ္ဍတွေကို အလုပ်သမားထုအနေနဲ့ ၀န်းရံပေးဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျောင်းသားတွေဟာ ကျနော်တို့ရဲ့ သားသမီးတွေဖြစ်ပါတယ်။ ဒီပညာရေးနဲ့ ဆုံးခန်းတိုင်အောင် သင်ကြားပြီး ဘွဲ့ရတဲ့အခါမှာ လုပ်ငန်းခွင် ၀င်ရောက်ကြရမှာ ဖြစ်ပါတယ်။ သူတို့အနာဂတ် ရေရာသေချာမှုမရှိတဲ့ ပညာရေးစနစ်တခုကို ဒီလိုတောင်းဆိုမှုတွေ လုပ်ရပါလိမ့်မယ်။ တောင်းဆိုမှုတွေ လုပ်မှသာ တွေ့ဆုံဆွေးနွေးမှု ဖြစ်လာမှာပါ။ ဒါကြောင့် အလုပ်သမားတွေအနေနဲ့ ကျနော်တို့ရဲ့ သားသမီးတွေ၊ ရဲဘော်ရဲဘက်တွေဖြစ်တဲ့ ဒီကျောင်းသားလှုပ်ရှားမှုကို ဦးဆောင်နေတဲ့ အခန်းကဏ္ဍမှာ ထောက်ခံပေးဖို့၊ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ဒီနေရာကနေ တိုက်တွန်းလိုပါတယ်” လို့ ပြောပါတယ်။

လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေကြောင့် ရန်ကုန်မြို့မှာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကို နိုဝင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ၂ ရက်တာ ပြုလုပ်ပြီး သပိတ်မှောက်ကြောင်း ကြေညာခဲ့တာပါ။

၁၉၂၀ ပြည့်နှစ် ကိုလိုနီအစိုးရ လက်ထက်မှာ တက္ကသိုလ်ပညာရေးဥပဒေကို တဖက်သက် ရေးဆွဲပြီး အတည်ပြု ပြဋ္ဌာန်းခဲ့တာကြောင့် ပထမ ကျောင်းသားသပိတ် ဖြစ်ပေါ်ခဲ့ပြီး အမျိုးသားကျောင်းများ ပေါ်ပေါက်ခဲ့ကာ လွတ်လပ်ရေး ရယူနိုင်ဖို့ ခေါင်းဆောင်ကောင်းတွေကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013