
မြောက်ကိုရီးယားဟာ ယူကရိန်းက စစ်ရေးကျူးကျော်ခဲ့တဲ့ ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသ ပြန်လည်တည်ဆောက်ရေးမှာ ကူညီဖို့အတွက် ထောင်နဲ့ချီတဲ့ သူ့ရဲ့ စစ်ဘက်ဆောက်လုပ်ရေး အလုပ်သမားတွေနဲ့ လမ်းပြင်မိုင်းရှင်းသမားတွေကို စေလွှတ်ပေးပို့ဖို့ရှိကြောင်း ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂျီရွှိုင်ဂူက ဇွန် ၁၇ ရက်မှာ ပြောကြားခဲ့ပြီး ဒီနှစ်မှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေဟာ မော်စ်ကိုကို ကူညီပြီး တိုက်ပွဲဝင်ပေးခဲ့ကြောင်းလည်း ပြောဆိုပါတယ်။
သမ္မတ ဗလာဒီမာပူတင်နဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ဆာဂျီရွှိုင်ဂူဟာ ပြုံယမ်းမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ တွေ့ဆုံခဲ့ပြီး ဒါဟာ သီတင်း ၂ ပတ်လောက် အတွင်းမှာပဲ ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။
ရွှိုင်ဂူက သူဟာ ပူတင်ဆီက “အထူးညွှန်ကြားချက်တွေ” ကို ဆောင်ရွက်နေတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
“မိုင်းထောင်ထားတဲ့ ဧရိယာတွေနဲ့ တခြားပေါက်ကွဲပစ္စည်းတွေ ရှိတဲ့နေရာတွေဟာ ဧက ရာနဲ့ချီ ရှိနေပြီး ပျက်စီးနေတဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေ၊ လမ်းတွေ၊ ဆက်သွယ်ရေးလိုင်းတွေနဲ့ ကျေးရွာတွေ၊ အိမ်ရာတွေက ကီလိုမီတာ ရာနဲ့ချီအောင် ရှည်ရှည်လျားလျား ရှိနေတာ” လို့ ရွှိုင်ဂူက ပြောပါတယ်။
ဒီမှာတော့ ရုရှာဘက်က တောင်းဆိုချက်အရ ကိုရီးယားဘက်က ကာ့စ်ခ်ဒေသ မိုင်းတွင်းမှာ ပါဝင်မယ့် မိုင်းရှင်းလမ်းရှင်း အင်အား ၁,၀၀၀ ကို ထောက်ပံ့ပေးပါတယ်လို့လည်း ဆိုပါတယ်။
ဒါဟာ ကိုရီးယားပြည်သူတွေနဲ့ ခေါင်းဆောင် ကင်မ်ဂျုံအန်း တို့ရဲ့ ညီရင်းအစ်ကိုလို အကူအညီပေးတဲ့ သဘောမျိုးနဲ့ ပေးတာလို့လည်း ဆိုပါတယ်။
သူတို့ပြောတဲ့ ရန်လိုတဲ့ အနောက်နိုင်ငံနဲ့ ရင်ဆိုင်နေရချိန်မှာ မော်စကိုနဲ့ ပြုံယမ်းကြား ဆက်ဆံရေးဟာ ပိုနီးကပ်လာပြီးတော့ အရှိန်အဟုန်နဲ့ တိုးတက်လာတာဖြစ်ပြီး ၂၀၂၀ ခုနှစ်နောက်ပိုင်း မော်စကိုနဲ့ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းအကြား ပထမဆုံး တိုက်ရိုက်ပြေးဆွဲတဲ့ရထား ထွက်ခွာသွားပြီဖြစ်ကြောင်း ပြောကြားပြီး ရက်ပိုင်းအကြာမှာပဲ ရွှိုင်ဂူ ရောက်လာခဲ့တာ ဖြစ်ပါတယ်။
မော်စကိုနဲ့ ပြုံယမ်းကြား တိုက်ရိုက် လေကြောင်းခရီးစဉ်တွေကိုလည်း နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်စတင်နိုင်မယ်လို့ မျှော်လင့်ကြောင်း သူက ပြောကြားခဲ့ပါတယ်။
Source: Reuters










