DVB Logo
Home
မြန်မာသတင်း
မင်းလှတိုက်ပွဲတွင် ပြည်သူ ၄ ဦး သေဆုံး
DVB
·
June 17, 2025
မင်းလှတိုက်ပွဲတွင် ပြည်သူ ၄ ဦး သေဆုံး
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ ရန်ကုန်-ပြည် ကားလမ်းပေါ်မှာ ဇွန်  ၁၆ ရက်နေ့က စစ်ကောင်စီတပ်နဲ့ တော်လှန်းရေးတပ်ဖွဲ့တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ပြည်သူ ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်-ပြည် ကားလမ်းဘေးရှိ စစ်ကွင်းတာဆုံ  စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးရေးဂိတ်အနီးမှာ ဇွန် ၁၆ ရက် ညနေ ၃ နာရီဝန်းကျင်လောက်ကစပြီး တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

“တိုက်ပွဲ ဖြစ်တော့ တဖက်နဲ့ တစ်ဖက် အပြန်လှန်ပစ်ကြတာ၊ လက်နက်ကြီးတွေလည်းပစ်တယ်၊ အဲဒီတော့ ပြည်ဘက်ကလာတဲ့ ကားတွေရော၊ ရန်ကုန်ဘက်က လာတဲ့ကားတွေရော  တိုက်ပွဲနဲ့ ဝေးတဲ့နေရာမှာ ရပ်ထားကြတာ။ အဲဒီမှာ ပြည်ဘက်ကလာတဲ့ အိမ်စီးကားက မရပ်ဘဲ မောင်းလာတဲ့အချိန် ကားကို လက်နက်ကြီးမှန်ပြီး အမျိုးသမီး ၂ ယောက်၊ အမျိုးသားတယောက် သေသွားတယ်။ ကားသမားရော အခြားသူတွေပါ ဒဏ်ရာပြင်းပြင်းထန်ထန် ရကုန်တယ်။ ဘယ်ဘက်က ပစ်တာလဲဆိုတာ သေချာမသိရဘူး။” 

ညနေ ၆ နာရီ ဝန်းကျင်လောက်မှ တိုက်ပွဲပြီးဆုံးသွားပြီး တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာသွားပေမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပဲခူးရိုးမအစပ်ရှိ ကျေးရွာတွေကို လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် အငြိမ်းစား ဆရာမတယောက် လက်နက်ကြီး ကျည်ထိမှန်ပြီး သေဆုံးသွားတယ်လို့ ဒေသခံအမျိုးသမီးတယောက်က  ပြောပါတယ်။

“ဖာလေးကွင်းမြောက်စု ရွာထဲ လက်နက်ကြီး ကျောင်းဆရာမကြီး ဒေါ်တင်ရီ အိမ်‌ပေါ်ကျပြီး ဆရာမကြီးထိသွားတာ ခြေထောက်တဖက်ပြတ်ပြီး ဆုံးသွားတယ်၊ ဆရာမကြီးက အသက် ၈၀ ကျော်ပြီ။ သူမွေးစားထားတဲ့ စိတ်ကျန်းမာရေးမကောင်းတဲ့ ကောင်မလေးလည်း လက်ပြတ်သွားတယ်၊ ဒဏ်ရာတွေလည်းရတယ်။” 

အဆိုပါ တိုက်ပွဲအတွင်း  စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေဘက်က ထိခိုက်ကျဆုံးအခြေအနေကိုတော မသိရသေးသလို နှစ်ဖက်တပ်တွေ သတင်းထုတ်ပြန်ထားတာလည်း မရှိသေးပါဘူး။

တိုက်ပွဲဖြစ်ပွားနေတာကြောင့် ရန်ကုန်-ပြည် ကားလမ်း အရှေ့ဘက်ရှိ ကျေးရွာ ၂၀ ထက်မနည်းက ပြည်သူ ၂ သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စာသင်ကျောင်းတွေလည်း ပိတ်ထားရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကလည်း မင်းလှမြို့နယ် ပိုင်နက်အတွင်းရှိ  ရန်ကုန်-ပြည် ကားလမ်းဘေးရှိ ၅၃ ထမင်းဆိုင်မှာ ထမင်းစားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအား တော်လှန်ရေးရဲဘော်တွေက ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့‌ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013