
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းမြို့ရှိ သုသာန်မြေတွေကို ရောင်းစားပြီး အိမ်ရာကွက် ဖော်နေတာကြောင့် မြေကြီးထဲကနေ အလောင်းတွေ ထွက်လာနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
လုံးခင်းသုသာန်က မြေနေရာကို ဒေသခံတချို့က အကွက်ရိုက် ရောင်းချနေတာကြောင့် အိမ်ရာကွက်ဖော်ဖို့ ဘတ်ဖိုးတွေနဲ့ မြေတူးချတာကြောင့် မြေမြှုပ်ထားတဲ့ အလောင်းတွေ ပေါ်လာတာလို့ ဆိုပါတယ်။
လုံးခင်းဒေသခံ အမျိုးသားတယောက်က “လုံးခင်းသုသာန်မြေကို တချို့ ရပ်မိရပ်ဖတွေ လူကြီးတွေက အကွက်တွေဖော်ပြီး ရောင်းနေတာလေ။ အဲဒီမှာ အလောင်းတွေ ပေါ်လာတာ”လို့ ပြောပါတယ်။
လုံးခင်းအောက်ဘက်က သုသာန်မြေနေရာကို ခြံခတ်ပြီး မြေနေရာ ကျူးကျော်နေကြတာလို့ ဆိုပါတယ်။
လုံးခင်းဒေသခံ အမျိုးသမီးတယောက်ကလည်း “မြေနေရာကျူးပြီး ဖဲ့ချတာ အလောင်းတွေ ပေါ်လာတာ။ ဘယ်သူ့ကို ရောင်းစားတာလဲ အတိတကျ မသိရသေးဘူး။ ခြံတွေလုပ် အကွက်တွေ လာရိုက်ထားတာ”လို့ပြောတယ်။
သုသာန်မြေဟာ ပြည်သူပိုင်မြေဖြစ်ပေမဲ့ လက်ရှိ လုံးခင်းနဲ့ ဖားကန့်မှာ စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် တားဆီးမယ့်သူမရှိ ဖြစ်နေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ လုံးခင်းနဲ့ ဖားကန့်မှာ စစ်ကောင်စီက အရပ်သားတွေကို ပစ်သတ်နေတာကြောင့် ၂ ရက်အတွင်း ၈ ယောက် သေဆုံးသွားပြီလို့ သိရပါတယ်။