DVB Logo
Home
နိုင်ငံတကာ
အမေရိကန်တွင် ထုတ်လုပ်မည့် ဒေါ်လာ ၄၉၉ တန် ထရမ့်ပ်မိုဘိုင်းဖုန်း မိတ်ဆက်
DVB
·
June 17, 2025
အမေရိကန်တွင် ထုတ်လုပ်မည့် ဒေါ်လာ ၄၉၉ တန် ထရမ့်ပ်မိုဘိုင်းဖုန်း မိတ်ဆက်
Donate to DVB

ဒေါ်နယ်ထရမ့်ပ် မိသားစုလုပ်ငန်းဟာ အမေရိကန်မှာ မိုဘိုင်းဝန်ဆောင်မှု ပေးဖို့အတွက် Trump Mobile အမည်နဲ့ လိုင်စင်ယူလိုက်ပြီးတော့ အမေရိကန်မှာ ဒီဇိုင်းဆွဲ၊ ထုတ်လုပ်တဲ့ ၄၉၉ ဒေါ်လာတန် စမတ်ဖုန်း ရောင်းမယ်လို့ ကြေညာပါတယ်။

ဒါဟာ ထရမ့်ပ်သမ္မတ သက်တမ်းအတွင်း သူ့နာမည်ကို သုံးပြီး မိသားစုက လုပ်ဆောင်တဲ့ စီးပွားရေးလုပ်ငန်းတွေထဲက နောက်ဆုံးတခု ဖြစ်ပါတယ်။

ဝန်ဆောင်ကြေးဟာ တလကို  ၄၇ ဒသမ ၄၅ ဒေါ်လာ ကျသင့်မှာဖြစ်ပြီးတော့ ဒါဟာ ဒေါ်နယ်ထရမ့်ပ်က ၄၅ ဆက်မြောက်သမ္မတ ဖြစ်ခဲ့ပြီး ၄၇ ဆက်မြောက်သမ္မတအဖြစ် ပြန်လည်ထမ်းဆောင်နေတာကို ကိုယ်စားပြုတာဖြစ်ပါတယ်။

အခု မိုဘိုင်းဝန်ဆောင်မှုကို အမေရိကန်က အဓိက ဆက်သွယ်ရေးလုပ်ငန်းကြီး ၃ ခုနဲ့ လက်တွဲ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ မင်ဟက်တန်မှာရှိတဲ့ ထရမ့်ပ်တာဝါမှာ အကြီးဆုံးသား ဒေါ်နယ်ထရမ့်ပ် ဂျူနီယာက မိတ်ဆက်ပါတယ်။

လစဉ်ကြေးပုံသေနဲ့ Telemedicine ဝန်ဆောင်မှု၊ အရေးပေါ်ကားပြင်ဝန်ဆောင်မှု၊ နိုင်ငံပေါင်း ၁၀၀ ကို မက်ဆေ့ချ် အကန့်အသတ်မရှိ ပို့နိုင်မှုဆိုတဲ့ ဝန်ဆောင်မှုတွေ ပါဝင်မှာဖြစ်တယ်လို့ ထရမ့်ပ်ဂျူနီယာက ပြောပါတယ်။

အမေရိကန်မှာ ဒီဇိုင်းဆွဲပြီး တည်ဆောက်တဲ့ စတိုင်ကျတဲ့ ရွှေစမတ်ဖုန်းကို ဒေါ်လာ ၅၀၀ အောက်စျေးနဲ့ ရောင်းမယ် ပြောထားပေမဲ့ ဘယ်ကုမ္ပဏီကို ထုတ်လုပ်ပေးမယ်ဆိုတာ ပြောမသွားပါဘူး။

လုပ်အားခမြင့်မားမှု၊ ထောက်ပံ့ကွင်းဆက် ရှုပ်ထွေးမှု၊ အစိတ်အပိုင်းတွေအတွက် ပြည်ပက တင်သွင်းရမှုတွေကြောင့် အမေရိကန်မှာ စမတ်ဖုန်း ထုတ်လုပ်နိုင်တဲ့ ပြည်တွင်းအခြေခံအဆောက်အအုံ ကြီးကြီးမားမား ရှိမနေပါဘူး။

ထရမ့်ပ်ရဲ့ နောက်ထပ် သားတယောက်ဖြစ်တဲ့ အဲရစ်ထရမ့်ပ်ကတော့ ဩဂုတ်လမှာ စဖြန့်မယ့် ဖုန်း ပထမအသုတ်ကတော့ အမေရိကန်မှာထုတ်တာ ဖြစ်ချင်မှဖြစ်မယ်လို့ ပြောထားပါတယ်။ တဖြည်းဖြည်းနဲ့ ဖုန်းအားလုံးကို အမေရိကန်မှာပဲ ထုတ်သွားမယ်လို့ ပြောထားပါတယ်။

သမ္မတထရမ့်ပ်ဟာ အကျိုးစီးပွားပဋိပက္ခကနေ ရှောင်လွှဲဖို့ သူ့လုပ်ငန်းတွေကို သူ့သားသမီးတွေ စီမံတဲ့ အုပ်ထိန်းမှုအဖွဲ့ (Trust) အောက်မှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီလုပ်ငန်းတွေက နောက်ဆုံးဝင်ငွေဟာ ထရမ့်ပ်မိသားစုလုပ်ငန်းတွေရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ သမ္မတဆီမှာပဲ အဆုံးသတ်တာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013