စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ကျေးရွာအနီးကို ဇွန် ၁၆ ရက်မနက်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် ပြည်သူတယောက်သေဆုံးပြီး ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တော်လှန်ရေးနဲ့ နီးစပ်သူတယောက်က “ဗုံးကြဲတဲ့ နေရာကို ပြောရမှာက ကျနော်တို့အရပ်သား တွေအတွက် အတော်အန္တရာယ်ကြီးတဲ့ နေရာဖြစ်နေတယ်။ ကျနော်သိမြင်သလောက် ဗုံးသီးချတာက အတော်များတယ်။ တဦးသေတယ်၊ ၇ ဦး ဒဏ်ရာခဲ့တယ်။ အဲဒီဒဏ်ရာရ ၇ ဦးထဲက ၂ ဦးကတော့ လက်ဖြတ၊ ခြေဖြတ်ရမဲ့ အခြေအနေပေါ့။ အသက်အန္တရယ်အတွက် စိုးရိမ်ရတယ်” လို့ ပြောပါတယ်။
CDM လုပ်လာတဲ့ စစ်သားတွေ နေထိုင်တဲ့စခန်းကို စစ်ကောင်စီက ဗုံးကြဲခဲ့တာလို့ သိရပါတယ်။
ဘုတလင်မြို့နယ် တော်လှန်ရေးအင်အားစုအဖွဲ့ရဲ့ ခေါင်းဆောင်တယောက်က “လေယာဉ်နဲ့ ဗုံးချတာ ဟုတ်ပါတယ်ဗျ။ စားဖိုချောင်အနီးကို ချသွားတာ။ မပေါက်ကွဲသေးတဲ့ ဗုံးသီး ၄ လုံးလည်း တွေ့ထားရတယ်။ ကျန်တဲ့အချက်အလက်တွေကတော့ သက်ဆိုင်တဲ့ အဖွဲ့တွေကပဲ ထုပ်ပြန်ကြပါလိမ့်မယ်” လို့ ပြောပါတယ်။
ဘုတလင်မြို့နယ်အတွင်းကနေ တော်လှန်ရေးအင်အားစုအဖွဲ့တွေက အနောက် မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို လက်နက်ကြီးအပါအဝင် ဒရုန်းယာဉ်တွေနဲ့ တိုက်ခိုက်နေတာကြောင့် စစ်တပ်က ဘုတလင်မြို့နယ် တောင်ခြမ်း၊ အရှေ့တောင်ခြမ်း စတဲ့ကျေးရွာတွေဘက်ကို ကင်းထောက် လေယာဉ်၊ ဒရုန်းတွေနဲ့ ပျံသန်းပြီး သတင်းအချက်အလက် ယူတာတွေလည်း နေ့စဉ်လိုလို ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ဇွန် ၁၆ ရက် မနက်မှာလည်း စစ်တပ်က ညောင်ကန်ရွာအနီး လေယာဉ်နဲ့ဗုံးကြဲခဲ့သလို ဘုတလင်မြို့နယ် အနောက်မြောက်ခြမ်းတနေရာကို စက်တပ်လေထီးယာဥ်နဲ့ ဗုံးတလုံး ကြဲချတိုက်ခိုက်ခဲ့ပေမဲ့ အရပ်သားထိခိုက်သေဆုံးတာ မရှိခဲ့ဘူးလို့ သိရပါတယ်။
မကွေးတိုင်း၊ ချောက်မြို့နယ်ထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇွန် ၁၅ ရက်က လူငယ်တယောက်အား သတ်ဖြတ်ပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားခဲ့ကြတယ်လို့ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ချောက်မြို့နယ်ထဲက ကိုင်းထောက်ကန်ရွာဘက်ကို စစ်ကြောင်းထိုးနေတဲ့ ေ-တွေက တိုက်ပွဲမှာ အထိနာပြီးတော့ လူသားဒိုင်းလုပ်ပြီး ခေါ်သွားတဲ့ အသက် ၂၀ ဝန်းကျင် လူငယ်တယောက်ကို လမ်းမှာသတ်ပစ်ခဲ့တယ်။ နောက်ပြီးတော့လည်း ကိုင်းထောက်ကန်ရွာကို မီးရှို့သွားကြလို့ လူနေအိမ်တွေနဲ့ မော်တော်ယာဥ်တွေလည်း ပျက်စီးသွားပါတယ်” လို့ ပြောပါတယ်။
အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ ဇွန် ၁၅ ရက်က ကိုင်းထောက်ကန်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ မကွေးတိုင်း တပ်ရင်း ၁၊ ချောက် မြို့နယ် ပကဖ၊ ချောက်မြို့နယ်တော်လှန်ရေးတပ်ပေါင်းစုတွေပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ကြပြီးနောက် အခုလိုပြုလုပ်သွားခဲ့ကြတာလို့ ဆိုပါတယ်။
“အင်အား ၆၀ လောက်ပါတဲ့ စစ်ကြောင်းက ကိုင်းထောက်ကန်ရွာဘက်ကို စစ်ကြောင်းထိုးနေတယ် သတင်းရလို့ ကြိုစောင့်ပြီးတော့ တိုက်ခိုက်ခဲ့ကြတာ။ တိုက်ခိုက်မှုကတော့ အပြန်အလှန်ဖြစ်ခဲ့တယ်။ သူတို့ဘက်က ေ- ၄ ကောင်သေပြီးတော့ ၁၀ ကောင်ထက်မနည်း ဒဏ်ရာရခဲ့တယ်။ အဲဒီတိုက်ပွဲပြီးတော့မှ သူတို့က ကိုင်းထောက်ကန်ရွာထဲဝင်ပြီး တိုက်ပွဲနဲ့ ဘာမှမဆိုင်တဲ့ လူနေအိမ်တွေကို မီးရှို့တယ်။ အဲဒီရွာထဲကနေ ဖမ်းသွားတဲ့သူတယောက်ကိုတော့ လမ်းရောက်မှ ပစ်သတ်သွားတာ။ တယောက်ကတော့ ပြန်လွတ်လာတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိဘူး” လို့ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့တာဝန်ခံ ဗိုလ်ပေတ က DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ကိုင်းထောက်ကန်ကျေးရွာက လူနေအိမ် ၅ လုံးနဲ့ ပြည်သူပိုင်မော်တော်ယာဥ် ဖောကား ၁ စီးတို့ မီးလောင်ပျက်စီးခဲ့ရကာ ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ကိုင်းထောက်ကန်ကျေးရွာအနီးမှာပဲ ရှိနေသေးတာကြောင့် ထွက်ပြေးနေကြရတဲ့ ဒေသခံပြည်သူတွေ နေရပ်မပြန်ရဲကြသေးဘူးလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။