DVB Logo
Home
မြန်မာသတင်း
မွန်ပြည်ပဋိညာဉ် ရေးဆွဲရန်နှင့် ရွေးကောက်ပွဲကို ဆန့်ကျင်ရန် ဆုံးဖြတ်
DVB
·
June 16, 2025
မွန်ပြည်ပဋိညာဉ် ရေးဆွဲရန်နှင့် ရွေးကောက်ပွဲကို ဆန့်ကျင်ရန် ဆုံးဖြတ်
Donate to DVB

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က တတိယအကြိမ်ညီလာခံကို ကျင်းပပြီး မွန်ပြည် ပဋိညာဉ် Charter ရေးဆွဲဖို့၊ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့၊ စစ်ရှောင် ကူညီဖို့နဲ့ Bottom Up Fedrealism စနစ် အကောင်အထည်ဖော် ဆောင်ရွက်ဖို့တွေ  ရှိနေပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က မွန်ပြည်အတွင်း ဖက်ဒရယ်ဖော်ဆောင်ရေးလုပ်ငန်းနဲ့ ရှေ့လုပ်ငန်းစဥ်တွေကို ချမှတ်ဖို့ ဇွန် ၁၄ ရက်နဲ့ ၁၅ ရက်မှာ တတိယအကြိမ်ညီလာခံ ကျင်းပခဲ့ပြီး ညီလာခံကနေ ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဥ် ၄ ရပ်ကို အကောင်အထည် ဖော်ဖို့ရှိတယ်လို့ သိရပါတယ်။

မွန်ပြည်ထဲက မြို့နယ် ၁၀ မြို့နယ် အခြေပြုထားတဲ့ အင်အားစုတွေ  စုစည်းပြီး ထိရောက်တဲ့ မွန်ပြည်ဖက်ဒရယ်ယူနစ်တရပ် ပေါ်ပေါက်ရေးအတွက် တော်လှန်ရေးကာလ မွန်ပြည်ချာတာ တရပ်ကိုရေးဆွဲသွားဖို့လည်း ရှိနေပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နိုင်မွန်ဆိုင်းက "ပြီးခဲ့တဲ့ နှစ်တွေမှာလည်း ရာမညမွန်ပြည်ဖွဲ့စည်းပုံ တတိယမူကြမ်းရယ် တခြားသော ဖွဲ့စည်းပုံတွေကို ကြည့်ပြီးတော့ တော်လှန်ရေးကာလနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံတရပ်ရေးဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ပညာရှင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ ဒီကာလမှာ ဖွဲ့စည်းပုံရေးဖို့ မသင့်သေးဘူး။ ဖွဲ့စည်းပုံရေးရင် ဆောင်ရွက်ရမယ့်လုပ်ငန်းတွေ ပြည်သူလူထုရဲ့ ဆန္ဒတွေ ပါဖို့လိုတယ်။ တော်လှန်ရေးကာလမှာ ဖွဲ့စည်းပုံရေးဖို့ အဆင်မပြေသေးတာ ဖြစ်တဲ့အတွက်  Charter  တရပ်ပဲ ရေးသေးပါတယ်။ Charter က အဓိကကတော့ တော်လှန်ရေး အင်အားစုတွေ ကြားထဲမှာ သဘောတူညီနိုင်တဲ့ အချက်အလက်တွေပေါ် မူတည်ပြီးတော့ အမြန်ဆုံးရေးနိုင်ဖို့ ပြောထားတာ ရှိပါတယ်”လို့ ပြောပါတယ်။

မွန်ပြည်နယ်မှာ စစ်ကောင်စီက ပြုလုပ်မယ့် ၂၀၂၅ ရွေးကောက်ပွဲကို အပြည့်အဝ ဆန့်ကျင်ရာမှာ ပြည်သူလူထုတွေ ပါဝင်လာစေမယ့် တိုက်တွန်းလှုံ့ဆော်မှုတွေလုပ်ပြီး မဟာဗျူဟာတရပ် ရေးဆွဲပြီး အကောင်အထည်ဖော်ဖို့လည်း ရှိတယ်လို့ ပြောပါတယ်။ 

မွန်ပြည်ဖက်ဒရယ်ကောင်စီ သဘာပတိအဖွဲ့ဝင် ဒေါက်တာ သီရိမွန်ချမ်းက "ဒီရွေးကောက်ပွဲက တရားမျှတမှုမရှိဘူး။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အရေးအတွက် အကျိုးဖြစ်မှာ မဟုတ်ဘူးဆိုတာကို ပြည်သူကို ပညာပေးမှုတွေလုပ်သွားမယ်။ စည်းရုံးမှုတွေ လုပ်မယ်။ နောက်တခုက နိုင်ငံတကာ သံတမန်တွေကိုလည်း စကစက ကျင်းပမယ့် ၂၀၂၅ ရွေးကောက်ပွဲကို အသိအမှတ် မပြုဖို့နဲ့ မကူညီဖို့ သံတမန်နည်းလမ်းအရ လုပ်ဆောင်သွားဖို့ ရှိတယ်။ နောက်ဆုံးကတော့ စကစ က ရွေးကောက်ပွဲကို တကယ်တမ်းလုပ်မယ်ဆိုရင် စစ်ရေးအရလည်း လှုပ်ရှားသွားဖို့ စီမံချက် ချထားတယ်။ ဒါကိုလည်း မွန်ပြည်နယ်မှာ လှုပ်ရှားနေကြတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့အပြင် တခြား PDF တွေနဲ့ ပူးပေါင်းပြီးတော့ ရွေးကောက်ပွဲ မဖြစ်မြောက်ရေး ပျက်ပြားရေးအတွက် စီမံချက် ချထားတာရှိပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်နဲ့ ဆက်စပ်ဒေသတွေက စစ်ဘေးသင့် အမျိုးသမီးနဲ့ ကလေးငယ် အပါအဝင် အတိဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် ဝန်ဆောင်မှုပေးအပ်ဖို့ ခရိုင်အဆင့် ပြည်သူ့ လုံခြုံရေးနဲ့ ဝန်ဆောင်မှု ကော်မတီတွေ ဖွဲ့စည်းပြီး ကူညီဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ 

MSFC က တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေဖြစ်တဲ့ EROs တွေ၊ တိုင်းရင်းသား ဖက်ဒရယ်ယူနစ်တွေ၊ တခြားတော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းပြီး ပြည်နယ် အားကောင်းရေးကနေ ပြည်ထောင်စု အားကောင်းရေးကို ဦးတည်တဲ့ Bottom up Federalism စနစ်အကောင်အထည်ဖော်နိုင်ရေးအတွက်လည်း ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

နှင်းနှင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013