DVB Logo
Home
နိုင်ငံတကာ
ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲ အစ္စရေး-အီရန် ပဋိပက္ခနှင့် ထရမ့်ပ်-ကနေဒါ အရေး လွှမ်းမိုး
DVB
·
June 16, 2025
ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲ အစ္စရေး-အီရန် ပဋိပက္ခနှင့် ထရမ့်ပ်-ကနေဒါ အရေး လွှမ်းမိုး
Donate to DVB

ကနေဒါနိုင်ငံမှာ ဇွန် ၁၅ ရက်ကနေ ၁၇ ရက်အထိ ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်တဲ့ ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲမှာ အစ္စရေး-အီရန် ပဋိပက္ခအရေးက အဓိက လွှမ်းမိုးနေသလို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ကနေဒါနိုင်ငံအကြား အချေအတင် ထပ်ဖြစ်လာမလား ဆိုတာကလည်း စောင့်ကြည့်စရာကိစ္စ ဖြစ်နေပါတယ်။

ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေး ကတော့ သူ့ဦးစားပေးအချက်တွေဟာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အားကောင်းဖို့၊ အရေးပါတဲ့ သတ္တု သယံဇာတကွင်းဆက် တည်ဆောက်ရေးနဲ့ အလုပ်အကိုင် ဖန်တီးရေးပဲလို့ ပြောထားပါတယ်။

ဒါပေမဲ့ အမေရိကန်စည်းကြပ်ခွန်၊ အရှေ့အလယ်ပိုင်းပဋိပက္ခနဲ့ ယူကရိန်းအရေးတွေလည်း အကျေအလည် ဆွေးနွေးဖို့ ရှိနေပါတယ်။

တင်းမာမှုလျှော့ချရေး အီရန်ကိုတောင်းဆိုတဲ့ ပူးတွဲကြေညာချက်တစောင်လည်း ထုတ်ပြန်ဖို့ စီစဉ်ထားပါတယ်။

ဂျာမန်အဓိပတိ ဖရိုင်းဒရစ်မာ့ဇ်ကတော့ ဒီဆွေးနွေးပွဲအတွက် သူ့ရည်ရွယ်ချက်ကတော့ အီရန်က နျူကလီးယားလက်နက် မထုတ်ဖို့၊ မပိုင်ဆိုင်ဖို့၊ အစ္စရေးရဲ့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ခွင့် သေချာစေဖို့နဲ့ ပဋိပက္ခ အရှိန်မြင့်လာမှုကနေ ရှောင်လွှဲဖို့နဲ့ သံတမန်ရေးအခန်းကဏ္ဍဖန်တီးဖို့ ဖြစ်တယ်လို့ ပြောထားပါတယ်။

၂၀၁၄ တုန်းက ရုရှားကို ပြန်ဖယ်ထုတ်ခဲ့အပြီးမှာ ဂျီ-၈ ကနေ ဂျီ-၇ ပြန်ဖြစ်လာတဲ့ ကမ္ဘာ့စက်မှုဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေရဲ့ ဒီနှစ်ထိပ်သီးဆွေးနွေးပွဲကို တောင်ပေါ်အပန်းဖြေစခန်း ကာနာနာစကစ်မှာ ကျင်းပနေတာ ဖြစ်ပါတယ်။

အစည်းအဝေးနဲ့ မလှမ်းမကမ်းက ကယ်လ်ဂရီမြို့မှာတော့ ဂျီ-၇ ဆွေးနွေးပွဲ ဆန့်ကျင်ဆန္ဒပြပွဲတွေ ကျင်းပနေပါတယ်။

ဂျီ-၇ မှာ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန်တို့ ပါဝင်ပြီး ဥရောပသမဂ္ဂကတော့ စာရင်းမဝင်အဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်။

ဆွေးနွေးပွဲမှာ အဖွဲ့ဝင်မဟုတ်တဲ့ ယူကရိန်း၊ မက္ကဆီကို၊ အိန္ဒိယ၊ ဩစတြေးလျ၊ တောင်အာဖရိက၊ တောင်ကိုရီးယားနဲ့ ဘရာဇီး ခေါင်းဆောင်တွေလည်း တက်ရောက်ဖို့ရှိနေပါတယ်။

၂၀၁၈ ကနေဒါက အိမ်ရှင်အဖြစ် ကျင်းပခဲ့စဉ်ကတော့ ပထမအကြိမ် သမ္မတသက်တမ်း တာဝန်ယူနေတဲ့ ထရမ့်ပ်ဟာ ထိပ်သီးဆွေးနွေးပွဲ မပြီးခင် ပြန်သွားခဲ့ဖူးပါတယ်။

အဲဒီတုန်းက ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးကို “အင်မတန် မရိုးသားတဲ့သူ၊ အားနည်းတဲ့သူ” လို့ ဝေဖန်ခဲ့ပြီး ဂျီ-၇ ဆွေးနွေးပွဲ အဆုံးသတ် ပူးတွဲကြေညာချက်ကို အမေရိကန်ဘက်က အတည်မပြုဖို့ပါ ညွှန်ကြားခဲ့ဖူးပါတယ်။

ဒါကြောင့် ဒီတကြိမ်မှာတော့ ထရမ့်ပ်နဲ့ ကနေဒါအကြား အဆင်မပြေမဖြစ်ရင်ကို အောင်မြင်တဲ့ ဆွေးနွေးပွဲလို့ သတ်မှတ်ရမှာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ထရမ့်ပ်ဟာ ကနေဒါကို အမေရိကန်ပြည်ထောင်စုထဲ ထည့်ဖို့ ပြောဆိုခဲ့တာကြောင့် နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေချိန် ဖြစ်ပါတယ်။

ဝန်ကြီးချုပ်သစ် ကာနေးကလည်း ထရမ့်ပ်သာ သံမဏိနဲ့ အလူမီနီယံပို့ကုန်ခွန် မရုပ်သိမ်းရင် ကနေဒါဘက်က လက်တုံ့ပြန်မယ်လို့ ပြောထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013