DVB Logo
Home
မြန်မာသတင်း
မဲဆန္ဒရှင်များ ဘေးကင်းလုံခြုံစွာ မဲပေးပိုင်ခွင့်မရှိပါက အောင်မြင်သည့် ရွေးကောက်ပွဲ မဖြစ်နိုင်
DVB
·
June 16, 2025
မဲဆန္ဒရှင်များ ဘေးကင်းလုံခြုံစွာ မဲပေးပိုင်ခွင့်မရှိပါက အောင်မြင်သည့် ရွေးကောက်ပွဲ မဖြစ်နိုင်
Donate to DVB

ရွေးကောက်ပွဲတရပ် ကျင်းပမယ်ဆိုရင် ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံစွာ မဲပေးခွင့်ရရှိဖို့ ရွေးကောက်ပွဲ ကျင်းပတဲ့သူတွေဘက်က စီစဉ်ပေးရမှာဖြစ်ပြီး မဲပေးတဲ့သူတွေဟာ လုံလုံခြုံခြုံ မဲပေးခွင့်မရှိဘူးဆိုရင် အောင်မြင်တဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာမဟုတ်ဘူးလို့ နိုင်ငံရေးသမားတွေက ပြောပါတယ်။

ဒါ့အပြင် ကျင်းပမယ့် ရွေးကောက်ပွဲစနစ်ကိုလည်း လူထုကို သေချာမရှင်းပြနိုင်ရင် ပြည်သူတွေဟာ မှန်မှန်ကန်ကန် မဲပေးနိုင်မှာ မဟုတ်တာကြောင့် ရွေးကောက်ပွဲ ရလဒ်ကောင်း ထွက်လာမှာ မဟုတ်ဘူးလို့ တနိုင်ငံလုံးအဆင့်ဝင်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦးဟန်ရွှေက DVB ကို ပြောပါတယ်။

စစ်တပ်ကို ဆန့်ကျင်တဲ့တော်လှန်ရေးအင်အားစုတွေနဲ့ တနိုင်ငံလုံးမှာ တိုက်ပွဲဖြစ်နေတာကြောင့် ဒီနှစ်ထဲမှာလုပ်မယ့် ရွေးကောက်ပွဲကို နယ်မြေအကန့်အသတ်နဲ့ ကျင်းပရမှာဖြစ်ပြီး အခုချိန်ထိ စစ်ကောင်စီဩဇာခံ ရွေးကောက်ပွဲကော်မရှင်ဘက်ကလည်း ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ် အရေအတွက်ကို တိတိကျကျ မပြောနိုင်သေးသလို ဘယ်ရွေးကောက်ပွဲစနစ်နဲ့ ကျင်းပမလဲ ဆိုတာကိုလည်း တရားဝင်ပြောဆိုနိုင်ခြင်း မရှိသေးပါဘူး။

ဒါတွေကို လုံလောက်အောင် မပေးနိုင်ဘဲ အချိန်လုပြီး လုပ်ရတဲ့ ရွေးကောက်ပွဲဆိုရင်တော့ အောင်မြင်တဲ့ ရွေးကောက်ပွဲလို့ သတ်မှတ်ဖို့ခက်မယ့် သဘောရှိတယ်လို့ ဦးဟန်ရွှေက ထောက်ပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက နိုင်ငံရေးပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲလုပ်ခဲ့တဲ့အချိန်ကနေ ၂၀၂၀ ရွေးကောက်အထိ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲတွေကို လေ့လာစောင့်ကြည့်ခဲ့သူ တယောက်ကတော့ အခုစစ်ကောင်စီက  ကျင်းပမယ့် ရွေးကောက်ပွဲဟာ နိုင်ငံရေးထွက်ပေါက်ရှာတဲ့ ရွေးကောက်ပွဲ တခုထက် မပိုတာကြောင့် ရွေးကောက်ပွဲတခု ကျင်းပနိုင်ဖို့ အချိန်ကာလ လုံလောက်မှုရှိ၊ မရှိ ဆိုတာကို ထည့်တွက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က သူတို့ ထိန်းချုပ်နိုင်တဲ့ တိုင်းဒေသကြီးတွေမှာသာ ရွေးကောက်ပွဲကို ဒီနှစ်အကုန်မှာ ကျင်းပပြီး အပိုင်းလိုက်လုပ်တဲ့ ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးဖို့  စီစဉ်နေကတည်းက  နိုင်ငံရေးဖိအားကို လျှော့ချဖို့ တခုတည်းကိုသာ ဆောင်ရွက်နေတာဖြစ်ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရေး၊ မဖြစ်ရေးကို ဂရုစိုက်နေမှာမဟုတ်ဘူးလို့ စင်ကာပူအခြေစိုက် နိုင်ငံရေးသုတေသီအဖွဲ့ တာဝန်ရှိသူက  သုံးသပ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲကို နိုင်သူ အကုန်ယူစနစ်နဲ့ရော အချိုးကျ PR ရွေးကောက်ပွဲစနစ်နဲ့ပါ အခုနှစ်ကုန်ပိုင်းနဲ့ လာမယ့်နှစ်ဆန်းပိုင်းမှာ ကျင်းပဖို့ ပြောဆိုထားပြီး စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ မဲဆန္ဒနယ် ၁၆၀ ကျော်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး စီစဉ်နေတယ်လို့ ပြောထားပါတယ်။

အောင်သူ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013