
အစ္စရေးရဲ့ အီရန်နိုင်ငံကို တိုက်ခိုက်မှုအတွင်း နျူကလီးယားသိပ္ပံပညာရှင် ဖယ်ရေးဒုန် အက်ဘာစီ ဒါဟာနီနဲ့ မိုဟာမက်မဲဒီ တီရန်ချီတို့ သေဆုံးခဲ့ကြောင်း ဇွန် ၁၃ ရက်မှာ အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်ပြန် အတည်ပြုပါတယ်။
သောကြာနေ့ တိုက်ခိုက်မှုအတွင်း အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ အကြီးအကဲ ဟော့စိန် ဆာလမီလည်း သေဆုံးခဲ့ပြီး တီဟီရန်မှာရှိတဲ့ တပ်ဖွဲ့ဌာနချုပ်ကို ထိမှန်ခဲ့တယ်လို့ အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်ပြန်ပါတယ်။
အီရန်ထိပ်တန်းအကြံပေးနဲ့ အစောင့်တပ်မှူး အလီ ရှမ်ခါနီဟာ ဇွန် ၁၃ ရက် အစောပိုင်းက အစ္စရေးတိုက်ခိုက်မှုအတွင်း ဒဏ်ရာပြင်းထန်စွာ ရခဲ့ကြောင်းလည်း သတင်းတွေ ထွက်ပေါ်ခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
မြို့တော်ရှိ လူနေရပ်ကွက်တခုမှာ တိုက်ခိုက်မှုတခုအတွင်း ကလေးငယ်အများအပြား သေဆုံးခဲ့ကြောင်းလည်း ဆိုပါတယ်။
သောကြာနေ့အစောပိုင်းမှာ အီရန်ရဲ့ နျူကလီးယားစက်ရုံများ၊ ပဲ့ထိန်းဒုံးကျည်စက်ရုံတွေနဲ့ စစ်ဘက်ဆိုင်ရာ တပ်မှူးတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးက ပြောကြားခဲ့ပြီး တီဟီရန်ကို အဏုမြူလက်နက် တည်ဆောက်ခြင်းမှ တားဆီးဖို့ ရေရှည်စစ်ဆင်ရေး ပြုလုပ်မှာ ဖြစ်ကြောင်း သတိပေးထားပါတယ်။
အစ္စရေးဟာ အီရန်နိုင်ငံအလယ်ပိုင်း နာ့တန့်ဇ်မှာရှိတဲ့ စက်ရုံအပါအဝင် နျူကလီးယားနဲ့ စစ်ရေးပစ်မှတ် ဒါဇင်ပေါင်းများစွာကို ချေမှုန်းခဲ့တယ်လို့ အစ္စရေးစစ်တပ်အရာရှိတယောက်က ပြောကြားခဲ့ပြီး အီရန်ဟာ ရက်ပိုင်းအတွင်းမှာ နျူကလီးယားဗုံး ၁၅ လုံး ပြုလုပ်ဖို့ လုံလောက်တဲ့ ပစ္စည်းတွေ ရှိကြောင်းလည်း ဆိုပါတယ်။
အစ္စရေးက နျူကလီးယားဗုံး၊ အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည် အစီအစဉ်နဲ့ နာ့တန့်ဇ် ယူရေနီယံ သန့်စင်ရေးစက်ရုံမှာ လုပ်ဆောင်နေတဲ့ အီရန်သိပ္ပံပညာရှင်တွေကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး စစ်ဆင်ရေးကို ရက်အတော်ကြာ ဆက်လုပ်သွားမယ်လို့လည်း ဆိုပါတယ်။
အစ္စရေးဟာ အီရန်အပေါ် ကောက်ကျစ်ပြီး သွေးစွန်းတဲ့ ရာဇ၀တ်မှုကို ကျူးလွန်လာတာကြောင့် သူ့ရဲ့ ခါးသီးတဲ့ လက်တုံ့ပြန်မှုကိုလည်း ကြုံစေရမယ်လို့ အီရန်နိုင်ငံရဲ့ အဓိပတိခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အီရန်မီဒီယာတွေနဲ့ မျက်မြင်သက်သေတွေကလည်း နာ့တန့်ဇ်ရှိ နိုင်ငံရဲ့ အဓိက ယူရေနီယံ သန့်စင်ရေးစက်ရုံ အပါအဝင် ပေါက်ကွဲမှုတွေကို မျှဝေထုတ်ပြန်ခဲ့ကြပြီး အစ္စရေးကလည်း ဒုံးကျည်နဲ့ ဒရုန်း လက်တုံ့ပြန် တိုက်ခိုက်မှုတွေကို မျှော်မှန်းကာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး မြေအောက်ဆေးရုံတွေကိုလည်း ပြင်ဆင်ထားတာ ဖြစ်ပါတယ်။
Source: Reuters