
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် အခြေစိုက် အမှတ် ၃၂ ရဲတပ်ရင်းကို အာရက္ခတပ်တော် (AA) က ဇွန် ၈ ရက်ကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေတာ လက်ရှိအချိန်အထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်ရှိမှာ အမှတ် ၃၂ ရဲတပ်ရင်းရဲ့ အတွင်းပိုင်းအထိ အာရက္ခတပ်တော်ဘက်က ထိုးဖောက်ထားပြီး တပ်ရင်းတခုလုံးကို ပိတ်ဆို့ထားတဲ့ အနေအထားမှာ ရှိတယ်လို့ ကျောက်ဖြူမှ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“၃၂ တပ်ရင်းက ထိုးစစ်က ပြင်းထန်နေတယ်။ စစ်ကောင်စီဘက်ကတော့ လေကြောင်းပစ်ကူ၊ ရေကြောင်းပစ်ကူတွေ ပေးနေတာရှိတယ်။ ထိုးစစ်ကတော့ တပ်တွင်းပိုင်းအထိ ရောက်သွားပြီ။ တပ်ရင်းတခုလုံးကို ပိတ်ဆို့ထားတဲ့သဘောမှာ ရှိတယ်။”
လက်ရှိမှာ အမှတ် ၃၂ ရဲတပ်ရင်းအနီးရှိ မင်းတပ်တောင်၊ နှမ်းဖဲတောင်၊ ပြိုင်းစေ့ကေနဲ့ စက်မှုလက်မှုသင်တန်းကျောင်း အားလုံးကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီး မြို့နဲ့ ၃ မိုင်ကျော်လောက်သာ ဝေးတော့တဲ့ ရဲတပ်ရင်းကို ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
အခုတိုက်ပွဲဖြစ်နေတဲ့ ၃၂ ရဲတပ်ရင်းဟာ တရုတ်အစိုးရပိုင် Power China သဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံ၊ ကုန်းတွင်းသဘာဝဓာတ်ငွေ့ လက်ခံ သိုလှောင် ပို့ဆောင်ရုံ (OGT) တို့နဲ့ အနီးဆုံးနေရာမှာ တည်ရှိနေတာ ဖြစ်ပါတယ်။
လက်ရှိတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က အကျအဆုံးတွေများပြီး ဒဏ်ရာရ စစ်သားတွေကို ကျောက်ဖြူမြို့ဘက်ကို ရွှေ့ပြောင်းနေတာတွေ ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ကျောက်ဖြူတိုက်ပွဲမှာ အကျအရှုံးတွေ များတာကြောင့်လည်း စစ်တွေဘက်က စစ်ကူအင်အားတွေကို ရေကြောင်းကနေတဆင့် ပို့ဆောင်နေကြတယ်လို့ သိရပါတယ်။
ကျောက်ဖြူမြို့မှာ စစ်ကောင်စီရဲ့ အမှတ် ၃၂ ရဲတပ်ရင်း၊ ခလရ ၃၄ တပ်ရင်း၊ ခမရ ၅၄၂ တပ်ရင်း၊ ခမရ ၅၄၃ တပ်ရင်းနဲ့ ဓညဝတီ ရေတပ်ဌာနချုပ်တို့ တည်ရှိနေပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကတည်းက စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့အကြား တိုက်ပွဲတွေ ဖြစ်နေတာ ဖြစ်ပါတယ်။