
အီရန်နိုင်ငံရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်စွမ်းကို ဟန့်တားဖို့အတွက် အီရန် နျူကလီးယားနဲ့ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးက ဇွန် ၁၃ ရက် အစောပိုင်းမှာ ထုတ်ပြန်ပါတယ်။
အီရန်နိုင်ငံရဲ့ ပင်မယူရေနီယံသန့်စင်စက်ရုံ အပါအဝင် နေရာအများအပြားမှာ ပေါက်ကွဲသံတွေ ကြားရတယ်လို့ အီရန်မီဒီယာတွေနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လိုအပ်တယ်လို့ ယုံကြည်တဲ့အတွက် အစ္စရေးက အခုလို တဖက်သတ် ဆောင်ရွက်ခဲ့တာဖြစ်ပြီး အမေရိကန် မပါဝင်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုက ထုတ်ပြန်ပါတယ်။
Operation Rising Lion စစ်ဆင်ရေးရဲ့ တစိတ်တဒေသ အနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့ အီရန်ဟာ အစ္စရေးရဲ့ ရှင်သန်မှုအတွက် ခြိမ်းခြောက်မှုဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ပြောပါတယ်။
အစ္စရေးနိုင်ငံတဝန်းမှာလည်း အရေးပေါ်အခြေအနေ ကြေညာထားပြီး အီရန်က လက်တုံ့ပြန်မှာကို မျှော်လင့်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည် ထုတ်လုပ်ဖို့ ကြိုးစားနေတဲ့ အီရန်သိပ္ပံပညာရှင်တွေနဲ့ နန့်တက်ဇ် ယူရေနီယံသန့်စင်စက်ရုံကို ပစ်မှတ်ထားခဲ့ပြီး စစ်ဆင်ရေးဟာ ရက်နဲ့ချီ ကြာနိုင်တယ်လို့ နေတန်ယာဟုက ပြောပါတယ်။
အီရန်ဟာ ရက်ပိုင်းအတွင်း နျူကလီးယားဗုံး ၁၅ လုံး ထုတ်လုပ်နိုင်ဖို့ လိုအပ်တဲ့ပစ္စည်းတွေ ရှိနေတယ်လို့ အစ္စရေးတာဝန်ရှိသူတယောက်က ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ အရေးပေါ် ကက်ဘိနက်အစည်းအဝေး ကျင်းပနေတယ်လို့ သိရပါတယ်။ ဒီသတင်းကြောင့် ရေနံစိမ်းစျေးက တစည်ကို ၃ ဒေါ်လာ ခုန်တက်သွားခဲ့ပါတယ်။
အမေရိကန်နဲ့ အီရန် တာဝန်ရှိသူတွေ နျူကလီးယားအရေး ၆ ကြိမ်မြောက် ဆွေးနွေးဖို့ စီစဉ်ထားချိန်မှာ အစ္စရေးက ခုလိုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters