Home
မြန်မာသတင်း
ငလျင်ကြောင့် မြန်မာ့ GDP ၂ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း
DVB
·
June 13, 2025

ပြီးခဲ့တဲ့ မတ်လအတွင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ ကုန်ထုတ်လုပ်မှု ထိခိုက်ခဲ့ရပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ စုစုပေါင်းပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး  GDP ဟာ ၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းလိုက်ပါတယ်။

ဇွန် ၁၂ ရက်က ထုတ်ပြန်ခဲ့တဲ့ စီးပွားရေးအစီရင်ခံစာသစ်မှာ အခုလို ခန့်မှန်းထားတာလည်း ဖြစ်ပါတယ်။

အာဏာသိမ်းပြီးကတည်းက ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ခိုင်မာအားကောင်းမှုနည်းနေတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေဟာ ငလျင်ကြောင့် အထိနာခဲ့ပြီး ကိုဗစ်-၁၉ ကာလမတိုင်ခင်က စီးပွားရေးအခြေအနေအောက် ၁၃ ရာခိုင်နှုန်း လျော့ကျမယ်လို့လည်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

ထိုင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ညွှန်ကြားရေးမှူး မီလင်ဒါဂွတ်ဒ်က “ငလျင်ကြောင့် အသက်ဆုံးရှုံးမှု၊ နေရပ်ရွှေ့ပြောင်းမှုတွေ ဖြစ်ရသလို အရင်ကတည်းက အခက်အခဲ ကြုံနေရတဲ့ စီးပွားရေး အခြေအနေကိုလည်း ပိုမိုဆိုးရွားသွားစေပါတယ်။ မြန်မာပြည်သူတွေရဲ့ ကြံ့ကြံ့ခံ ရှင်သန် ရပ်တည်နိုင်စွမ်းကို ထပ်ပြီး စမ်းသပ်လိုက်ရာရောက်ပါတယ်။ အခက်အခဲတွေ အများဆုံးရှိတဲ့ ပြည်သူတွေကို အကူအညီ ပေးနိုင်ဖို့အတွက် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ချက်တွေ မရှိမဖြစ် လိုအပ်ပါတယ်” လို့ ပြောပါတယ်။

ငလျင်ကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးဆုံးရှုံးမှု တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံရှိတယ်လို့လည်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး အဲဒီပမာဏဟာ မြန်မာနိုင်ငံ GDP ရဲ့ ၁၄ ရာခိုင်နှုန်းနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။

ငလျင်ကြောင့် မန္တလေးတိုင်း ဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ နေပြည်တော်ကောင်စီတို့မှာရှိတဲ့ ပြည်သူပေါင်း ၁၇ သန်း ထိခိုက်ခဲ့ရပြီး အဲဒီထဲက ပြည်သူပေါင်း ၉ သန်းဟာ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ရပါတယ်။

မန္တလေးမှ ဆောက်လုပ်ရေး လုပ်ငန်းရှင်တယောက်က  “စီးပွားရေး လုပ်ငန်းတွေ ပြန်ပြီး အရင်အတိုင်း လည်ပတ်ဖို့က တော်တော် ခက်ခဲဦးမှာပါ။ အခု လောလောဆယ်တော့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကြောင့် ဆောက်လုပ်ရေးကဏ္ဍမှာ အလုပ်ဖြစ်ပြီး အလုပ်အကိုင် အတန်အသင့် ဖန်တီးပေးနိုင်ပါလိမ့်မယ်” လို့ ပြောပါတယ်။

ငလျင်ကြောင့် ကုန်ဈေးနှုန်းတွေလည်း ဆက်လက် မြင့်တက်နေပြီး ငွေကြေးဖောင်းပွမှုကလည်း ၃၄ ဒသမ ၁ ရာခိုင်နှုန်း ရှိနေသလို ၂၀၂၄ ခုနှစ်မှာ ၃၁ ရာခိုင်နှုန်းရှိနေခဲ့တဲ့ ဆင်းရဲမွဲတေမှုနှုန်းကလည်း ၂ ဒသမ ၆ ရာခိုင်နှုန်း ထပ်မံ မြင့်တက်သွားမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024