DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ဘေးတွဲမောင်းသူများကို စစ်ယူနီဖောင်းအရောင် အင်္ကျီဝတ်ခိုင်း
DVB
·
June 12, 2025
ရန်ကုန်တွင် ဘေးတွဲမောင်းသူများကို စစ်ယူနီဖောင်းအရောင် အင်္ကျီဝတ်ခိုင်း
Donate to DVB

ရန်ကုန်မြို့အတွင်း ဆင်ခြေဖုံးမြို့နယ်တွေက ဘေးတွဲမောင်းနှင်သူတွေကို စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့တွေက ဇွန်လဆန်းကစပြီး စစ်စိမ်းရောင်ယူနီဖောင်းတွေ ပြောင်းလဲဝတ်ဆင်ခိုင်းတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြောက်ဥက္ကလာ၊ ရွှေပေါက္ကံမြို့သစ်၊ မြောက်ဒဂုံ၊ မင်္ဂလာဒုံ စတဲ့မြို့နယ်တွေက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေဟာ ဘေးတွဲမောင်းသူတယောက်ကို တထည် ၂၀,၀၀၀ ကျပ်နှုန်းနဲ့ ရောင်ပြန်မပါတဲ့ စစ်စိမ်းရောင်အင်္ကျီတွေကို မဝယ်မနေရ ရောင်းချပေးနေတာ ဖြစ်ပါတယ်။

ဘေးတွဲမောင်းသူတယောက်က “အရင်အင်္ကျီက အပြာရင့်ရောင်။ အခုအင်္ကျီက စစ်အင်္ကျီအရောင်ကြီးတွေ။ မဝယ်လို့မရဘူး။ အရင်ယူနီဖောင်း သုံးမရတော့ဘူး။ ဒီအစိမ်းရောင် မဝတ်လို့ ဖမ်းမိရင် ကိုယ်မိ ကိုယ်ခံ၊ ရုံးဘက်က လိုက်မထုတ်ပေးဘူး ပြောတယ်။ ဒီလိုအရောင် ဘယ်သူက ဝတ်ချင်မှာပဲ။ ညပိုင်းလည်း တပတ် ၂ ကြိမ် ကင်းကျတဲ့ရက်က ရှိသေးတယ်။ ဒီအင်္ကျီကို ဒီလိုအရောင်ကိုမှ ထုတ်ပေးပြီး ဝတ်ခိုင်းတာက တမင်သက်သက် အင်အားပြချင်လို့ရော သူတို့တွေ စိုးမိုးထားတယ်လို့ ပြချင်တာရော ပါနိုင်တယ်” လို့ ပြောပါတယ်။

စစ်စိမ်းရောင်ဘေးတွဲအင်္ကျီတွေ ဝတ်ခိုင်းပေမဲ့လည်း မြို့နယ်ကျော်မောင်းနှင်ခွင့် မရသလို ဆိုင်ကယ်ဦးထုပ် မဆောင်းတာ၊ ဘက်မှန်၊ မောင်းခွင့်နံပါတ်နဲ့ ကတ်ပြားမပါတာ၊ ထီးတပ်ဆင်ထားချိန် ဖမ်းဆီးခံခဲ့ရပါက ယာဉ်ထိန်းရဲအဖွဲ့တွေကို ငွေဒဏ် ၃၀,၀၀၀ ကနေ ၆၀,၀၀၀ ကျပ်လောက်အထိ ပေးနေကြရပါတယ်။

စစ်မှုထမ်းဟောင်းတွေ များပြားတဲ့ မြောက်ဥက္ကလာ၊ ရွှေပေါက္ကံမြို့သစ်က ဘေးတွဲမောင်းသူတွေကတော့ ပြီးခဲ့တဲ့ မေလထဲမှာကတည်းက မြန်မာနိုင်ငံအလံတံဆိပ်ပါ စစ်စိမ်းရောင် ယူနီဖောင်းတွေကို ဝတ်ဆင် ပြေးဆွဲနေကြပါတယ်။

ဘေးတွဲမောင်းသူတွေကို စစ်စိမ်းရောင်ယူနီဖောင်း ပြောင်းဝတ်ခိုင်းတာဟာ မြို့ပြပြောက်ကျားအဖွဲ့‌တွေရဲ့ အမြင်ကို အနှောင့်အယှက်ဖြစ်အောင် လုပ်လိုက်တာ ဖြစ်နိုင်သလို မြို့သိမ်းတိုက်ပွဲတွေမှာ အမြင်မှားအောင်လုပ်နေတာ ဖြစ်တယ်လို့ Operation Flame OF အဖွဲ့ သတင်းပြန်ကြားရေး တာဝန်ရှိသူတယောက်က ပြောပါတယ်။

“မြို့ပြ UGs တွေက ဆိုက်ကယ်တွေ ဘေးတွဲတွေ သုံးတတ်တာမျိုးတွေ ရှိနေတော့။ သုံးဖို့ အစီအစဉ်ရှိမယ့် မြို့ပြ UGs ‌တွေအတွက် အနှောင့်အယှက်ဖြစ်အောင်၊ သုံးဖို့မလွယ်အောင်၊ အလုပ်ရှုပ်အောင် စီစဉ်လိုက်တာလို့ မြင်ပါတယ်။ နောက် ဖြစ်နိုင်ချေ အခြေအနေတရပ်က UG တွေကို အမြင်လှည့်စားတာ။ ဆိုက်ကိုထည့်တာမျိုး ထင်ရပါတယ်။ မရှိတဲ့အင်အားကို အယောင်ပြသလို ဘေးတွဲတွေ သူတို့လူတွေ ဆိုတာမျိုးနဲ့ စိတ်မလုံခြုံအောင် လုပ်တာလို့ ကျနော်တို့တော့ ထင်ပါတယ်။ အရင်က ရန်ကုန်က ဘေးတွဲတွေကို လိုင်စင်အတင်းလုပ်ခိုင်းပြီး နို့နှစ်ရောင်အင်္ကျီတွေ ရောင်းပြီး ဝတ်ခိုင်းပြီး၊ အခုတခါ စစ်စိမ်းရောင်ပြောင်းပြီး ရောင်းတဲ့ပုံပဲ။ နောက်ထပ်ဖြစ်နိုင်ချေကတော့ မြို့သိမ်းတိုက်ပွဲမှာ အမြင်မှားအောင် လုပ်နေတာလားလို့တော့ တွေးမိပါတယ်။”

ဒီလို ပြောင်းလဲဝတ်ဆင်ခိုင်းနေတဲ့အပြင် ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်အတွင်းက ကြံခင်းစုရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ ရပ်ကွက်လုံခြုံရေးခေါင်းဆောင် ဘေးတွဲသမားတချို့ကိုတော့ လုံခြုံရေးသင်တန်း ဆိုပြီး စစ်ကောင်စီ ခလရ ၆၊ ခလရ ၈၂ တပ်တွေထဲမှာ တပတ်ကြာ လက်နက်ငယ်သင်တန်းတွေ တက်ရောက်ခိုင်းနေတယ်လို့ သိရပါတယ်။

Photo: Ethan Htun

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013