DVB Logo
Home
မြန်မာသတင်း
မြန်မာဒုက္ခသည်များ ခေါ်ယူနေရာချထားရေးစီမံကိန်း တောင်ကိုရီးယား ဖျက်သိမ်း
DVB
·
June 12, 2025
မြန်မာဒုက္ခသည်များ ခေါ်ယူနေရာချထားရေးစီမံကိန်း တောင်ကိုရီးယား ဖျက်သိမ်း
Donate to DVB

တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်ဘို့ ယောင်ယန်းဒေသမှာ လူဦးရေ ဆိုးရွားစွာ လျော့နည်းကျဆင်းနေတဲ့ ပြဿနာကို ဖြေရှင်းဖို့ စီစဉ်ထားခဲ့တဲ့ “မြန်မာနိုင်ငံသား ဒုက္ခသည်များကို ခေါ်ယူနေရာချထားရေး စီမံကိန်း” ကို အပြည့်အဝ ဖျက်သိမ်းလိုက်ရကြောင်း ဇွန် ၁၁ ရက်မှာ တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။

ယောင်ယန်းဒေသကို UNHCR ကနေတဆင့် ထိုင်း-မြန်မာနယ်စပ်က မြန်မာလူမျိုး ဒုက္ခသည် ၄၀ လောက်ကို ပထမအကြိမ် ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာဖြစ်ပေမဲ့ ဒေသခံတွေရဲ့ သဘောထားနဲ့ တရားရေးဝန်ကြီးဌာန ဆွေးနွေးမှုတို့မှာ အခက်အခဲတွေ ကြုံလာတဲ့အတွက် အခုလို ဖျက်သိမ်းလိုက်တာလို့ တောင်ကိုရီးယားနိုင်ငံ သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

ယောင်ယန်းခရိုင်ဒေသ တာဝန်ခံ အိုဒိုချန်းက “မြန်မာဒုက္ခသည်တွေကို ခေါ်ယူဖို့ အစီအစဥ်က အကြံဉာဏ် စဥ်းစားချက် ဆွေးနွေးချက် အဆင့်ထိပဲ ရှိခဲ့သေးတာပါ။ သက်ဆိုင်ရာ အချက်အလက်တွေ ဆန်းစစ်သုံးသပ်တာတွေ လိုအပ်နေပါသေးတယ်။ ဒီအရာတွေ ပြုလုပ်ခဲ့တာတွေ မရှိခဲ့ပါဘူး။ တရားရေးဌာနနဲ့ ဒေသခံတွေအကြား ညှိနှိုင်းမှု အခက်အခဲတွေကြောင့် မြန်မာဒုက္ခသည် ခေါ်ယူနေရာချထားရေး အစီအစဥ် ဖျက်သိမ်းလိုက်ရပေမဲ့ တဖန် လူဦးရေ များစေရေးအတွက် တခြားစီမံကိန်းများကို ဆက်လက်မြှင့်တင်ရန် စီမံသွားပါမယ်” လို့ သတင်းထုတ်ပြန်ချိန်မှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

တောင်ကိုရီးယားရောက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတယောက်ကတော့ “အဓိက ထိခိုက်တာကတော့ ထိုင်း-မြန်မာနယ်စပ်မှာ ရှိနေကြတဲ့ ကျနော်တို့ မြန်မာဒုက္ခသည်တွေ ထိခိုက်တာပေါ့။ အခွင့်အရေးတခု ဆုံးရှုံးတာပေါ့။ ဒီခေါ်ယူမယ်ဆိုတဲ့သတင်းတွေ ကိုရီးယားမီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့ချိန်မှာကတည်းက အားပေးထောက်ခံမှုတွေ ရှိသလို ဝေဖန်မှုတွေ ကန့်ကွက်မှုတွေ ရှိခဲ့တာပေါ့။ ဆိုတော့ ပြည်သူလူထုရဲ့ သဘောထားကလည်း အရေးကြီးတာပေါ့။ တက်ကြွလှုပ်ရှားသူတွေ၊ NUG အစိုးရတာဝန်ရှိသူတွေ ဘယ်လောက်ပဲ ကြိုးစားနေပါစေ၊ ဒေသခံတွေရဲ့ သဘောထားဆန္ဒနဲ့ အားပေးထောက်ခံမှုတွေ လိုအပ်ပါတယ်။ ကျနော်တို့က ဒေသခံတွေရဲ့ အမြင်တွေ ပြောင်းလာဖို့ ကြိုးစားဖို့လိုပါတယ်။ လာမယ့် အစိုးရသစ်လက်ထက်မှာတော့ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ ပေးနိုင်ဖို့ မြန်မာနိုင်ငံသားတွေကို ဒီထက်ပိုပြီး ကာကွယ်ပေးနိုင်ဖို့ ကျနော်တို့ဘက်က ကြိုးစားဖို့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ စီးပွားရေးကျဆင်းမှု၊ အလုပ်လက်မဲ့ များပြားလာမှု၊ နေထိုင်ရပ်တည်နိုင်ရေးနဲ့ အစစအရာရာ ကုန်ကျစရိတ် ကြီးမြင့်မှုတွေကြောင့် လက်ထပ်မှုနှုန်း၊ ကလေးမွေးဖွားမှုနှုန်း ဆိုးရွားစွာ ဖြစ်ပွားနေတယ်လို့ ဒေသတွင်းမီဒီယာတွေရဲ့ ရေးသားချက်အရ သိရပါတယ်။

ယောင်ယန်းခရိုင်က လူဦးရေကျဆင်းမှု အန္တရာယ်အရှိဆုံး ဒေသတခုဖြစ်ပြီး လူဦးရေ ၁၅,၂၆၆ ယောက်သာ ရှိပါတယ်။

တောင်ကိုရီးယားရဲ့ လူဦးရေကျဆင်းတဲ့ ကျေးလက်ဒေသ ၂၄၃ ခုထဲ အူလ်လွန်းခရိုင်ကလွဲပြီး နောက်ဆုံး လူဦးရေကျဆင်းတဲ့ အဆင့် ၂၄၂ နေရာမှာ ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတွေမှာ မြန်မာဒုက္ခသည်တွေကို ခေါ်ယူနေရာချထားပေးဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့စဉ်မှာကတည်းက ဒေသခံတွေရဲ့ ဝေဖန်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013