
သာယာဝတီအကျဉ်းထောင်မှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ ဝေဒနာခံစားနေရတဲ့ နိုင်ငံရေးအကျဉ်းသား ဦးကျော်စိုး (ခ) ဦးဇော်နှစ် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က ဇွန် ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ဦးကျော်စိုး (ခ) ဦးဇော်နှစ် ဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၀ ရက်မှာ လှည်းကူးမြို့နယ်၊ လှည်းကူးမြို့မရဲစခန်းမှာ ပုဒ်မ ၅၀(ဈ)နဲ့ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရ တာဖြစ်ပါတယ်။
မြန်မာနိုင်ငံရှိ အကျဥ်းထောင်တွင်းမှာ ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာ မပေးတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းကျခံနေရသူတွေဟာ ရောဂါ ဖြစ်ပွားတာတွေ၊ ဆေးကုသခွင့် ဆုံးရှုံးလို့ ရောဂါအခံတွေ ပိုမိုဆိုးရွားလာတာ၊ သေဆုံးသင့်တဲ့ အခြေအနေတွေ မဟုတ်ဘဲ အသက်ပေးရတဲ့အထိ ဖြစ်ပွားနေတာတွေရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဇွန်လ ၁ ရက်နေ့အထိ ဆေးဝါးစောင့်ရှောက်မှု မလုံလောက်တာကြောင့် သေဆုံးခဲ့ရသူ နိုင်ငံရေးအကျဉ်းသား ၁၀ ဦး အထိ ရှိခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကေခိုင်