
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ စပါးစေ့ရွာ၊ ဘုန်းတော်ကြီးကျောင်း အုတ်တံတိုင်းအနီးမှာ ဇွန် ၁၀ ရက်က ပစ်ခတ်ခံရပြီး ပျက်ကျခဲ့တဲ့ တိုက်လေယာဉ်နဲ့အတူ ပါလာတဲ့ လက်နက်တွေ ပေါက်ကွဲပြီး ရွာသားနဲ့ စစ်ဘေးရှောင်တွေ သေဆုံးခဲ့သလို ဒဏ်ရာရသူတွေလည်း ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒေသခံရွာသားတယောက်က “ကျနော်တို့ရွာထဲကို စစ်ကောင်စီလေယာဉ်က စက်ချို့ယွင်းပြီး ပျက်ကျတာလား၊ ကာကွယ်ရေးတပ်က ထုလို့ ပျက်ကျလာလား ဆိုတာတော့ အတိအကျ မသိရဘူးဗျ။ ဒါပေမဲ့ အမိုးပေါ်ကနေ ပျက်ကျလာတာပဲ သိတယ်။ လေယာဉ်က မြေပြင်မရောက်ခင်ကတည်းက လေယာဉ်နဲ့အတူ ပါလာတဲ့ ကျည်ဆန်တွေ၊ ဗုံးတွေ ပေါက်ကွဲပြီး ရွာသားတွေ ထိမှန်သေဆုံး မီးလောင်တာတွေ ဖြစ်ခဲ့တယ်ဗျ။ သေဆုံးတဲ့သူတွေက မင်းတိုင်ပင်က စစ်ရှောင်တွေ ပါသလို ကျနော်တို့ စပါးစေ့ရွာသားတချို့လည်း ပါတယ်” လို့ ပြောပါတယ်။
လေယာဉ်ပျက်ကျ ပေါက်ကွဲခဲ့တာကြောင့် ဘုန်းတော်ကြီးကျောင်းထဲမှာ ရပ်ထားတဲ့ စပါးစေ့ရွာက FAW ကားတစီး၊ မင်းတိုင်ပင်ရွာကနေ စစ်ရှောင်တွေ စီးလာတဲ့ ပုစဉ်းခေါင်း ထော်လာဂျီတစီး၊ စစ်ဘေးရှောင်တွေ တည်းခိုတဲ့ ကျောင်းဆောင်တဆောင်နဲ့ ဘုန်းတော်ကြီးကျောင်းအနီး အိမ်တလုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
ပုလဲဒေသခံတယောက်က “အခုလောလောဆယ်တော့ အလောင်း ၄ လောင်း တွေ့ရှိထားတယ်ဗျ။ အမျိုးသား ၃ လောင်းနဲ့ အမျိုးသမီးတလောင်းပေါ့။ နောက်ထပ် ကျနော်တို့ စုံစမ်းသိထားရတာက အမျိုးသား ၃ ဦးလည်း မီးလောင်ကျွမ်း သေဆုံးတဲ့အထဲ ပါသွားတာ တွေ့ရှိသေးတယ်။ အခု လေယာဉ်ပျက်ကျလို့ မီးလောင်တဲ့ အဆောင်ထဲမှာ စစ်ဘေးရှောင်တွေ တည်းခိုရာ အဆောင်ဗျ။ လေယာဉ်က ပျက်ကျလာပြီး လေယာဉ်ပေါ်ပါလာတဲ့ လက်နက်ခဲယမ်းတွေ ပေါက်ကွဲမီးလောင်သွားတာ ဆိုတော့ ကျနော်တို့သိတာ ၇ ယောက်ထက်မက သေဆုံးသူဦးရေ များနိုင်တယ်ဗျ။ ဒဏ်ရာရသူကတော့ ကျနော်တို့ သိရသလောက်က ၈ ယောက်အထိ ရှိပါတယ်” လို့ ပြောပါတယ်။
ပျက်ကျတဲ့ စစ်ကောင်စီလေယာဉ်ဟာ တံတားဦးလေယာဉ်ကွင်းကနေ တက်လာပြီး တိုက်ပွဲဖြစ်ပွားတဲ့ ကန့်ဒေါင့်ရွာကို ပစ်ကူဖို့ လာရောက်ခဲ့တာလို့ သိရပါတယ်။
ပုလဲဒေသခံ ကာကွယ်ရေးရဲဘော်တယောက်က “လေယာဉ်ဆင်းသက်ဖို့ လုပ်နေတာကို ဒီဘက် တော်လှန်ရေးတပ်ဖွဲ့က ပစ်ခတ်တာတွေ လုပ်တယ်။ သူ အဲဒီလိုပစ်တာကို သိလို့ မဆင်းသက်တော့ဘဲ ဗုံး ၂ လုံးချပြီး စစ်တပ် စိုးမိုးနယ်မြေတခုဖြစ်တဲ့ အင်မထီးပျူရွာဘက်ကို ဆင်းသက်ဖို့အသွားမှာ စပါးစေ့ရွာအနီး ပျက်ကျ ပေါက်ကွဲခဲ့တာ။ ကျနော်တို့အနေနဲ့ကတော့ ဘယ်သူပစ်လို့ ပျက်ကျသည်ဖြစ်စေ၊ သူ့ဟာသူ အလိုလို ပျက်ကျသည်ဖြစ်စေ၊ စစ်တပ်ကျဆုံးရင် အရမ်းဝမ်းသာတာပဲ။ လေယာဉ်ပျက်ကျတဲ့ ရွာမှာတော့ လေယာဉ်ပေါက်ကွဲပြီး မီးလောင်လို့ အရပ်သား သေဆုံးမှုတွေလည်း ရှိတယ်ဗျ။ ကျနော်တို့ လေယာဉ်ပျက်ကျရာ နေရာရှိ အိမ်တလုံးထဲကနေ ရုပ်အလောင်း ၃ လောင်း၊ ခြံ၀င်းထဲမှာ ရုပ်အလောင်းတလောင်း၊ စုစုပေါင်း ရုပ်အလောင်း ၄ ခု တွေ့ရှိခဲ့တယ်။ တချို့ရုပ်အလောင်းတွေက လုံး၀မီးကျွမ်းထားပြီး တချို့က မီးဆက်မလောင်ဘဲ ရှိနေပါတယ်။ ကျနော်တို့ဘက်ကတော့ ဒီလောက်ပဲ စိစစ်ရသေးပါတယ်။ မီးလောင်တဲ့အထဲမှာ သေဆုံးပြီး အရိုးပါ ပြာကျသွားတယ် ဆိုရင်တော့ မပြောတတ်ဘူး” လို့ ပြောပါတယ်။
ပုလဲမြို့နယ်၊ စပါးစေ့ရွာအနီးမှာ ဇွန် ၁၀ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်လောက်မှာ ဂျက်တိုက်လေယာဉ် တစင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ပြန်ကြားရေးတာဝန်ရှိသူ ရဲဘော်နီနီကျော်က DVB ကို ပြောပါတယ်။
စစ်ကောင်စီပြန်ကြားရေးကတော့ အဆိုပါလေယာဉ်ပျက်ကျတာဟာ လေ့ကျင့် စမ်းသပ်မောင်းနှင်ရင်း စက်ချို့ယွင်းလို့ ပျက်ကျသွားခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ ပျက်ကျရာ နေရာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သွားရောက်ပြီး လိုအပ်တဲ့ လုံခြုံရေးတွေ ပြုလုပ်ဆောင်ရွက်ကာ လေယာဉ်ပျက်ကျခဲ့ရတဲ့ စက်ချို့ယွင်းမှုကို အသေးစိတ် စုံစမ်းစစ်ဆေးနေတယ်လို့ သတင်းထုတ်ပြန် ပါတယ်။
စစ်ကောင်စီ လေယာဉ်ပျက်ကျရတဲ့ အကြောင်းအရင်း အသေးစိတ်ကို DVB အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။