
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့က စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်ခံနေရချိန်မှာ စစ်ကောင်စီက ကျောက်ဖြူစီးပွားရေးဇုန်ရဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို အကောင်အထည်ဖော်ဖို့ ထုတ်ပြောလာပါတယ်။
စစ်ကောင်စီရဲ့ အမှတ် ၃၂ ရဲတပ်ရင်းကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်နေစဥ်မှာပဲ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက နေပြည်တော်မှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်ရဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဇွန် ၉ ရက်က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်နဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့ စီးပွားရေးဇုန် ညွှန်ကြားရေးမှူးတွေနဲ့ တွေ့ဆုံစဥ် ပြောကြားလိုက်တာပါ။
ကျောက်ဖြူတိုက်ပွဲကြောင့် တရုတ်ဝန်ထမ်းတွေတောင် ရန်ကုန်ကို ရွှေ့ပြောင်းနေရစဥ်မှာ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း တည်ဆောက်ဖို့ စစ်ကောင်စီ ပြောကြားလာတာဟာ စိတ်ကူးယဥ်အဆင့်သာ ဖြစ်တယ်လို့ ကျောက်ဖြူမြို့နယ် စီးပွားရေးဇုန်တွေကို အနီးကပ် စောင့်ကြည့်နေသူတယောက်က ပြောပါတယ်။
“ကျောက်ဖြူ အခု စစ်ကောင်စီရဲ့ ၃၂ ရဲတပ်ရင်း တိုက်ခိုက်ခံနေရတယ်။ တိုက်ပွဲတွေကြောင့် တရုတ်ဝန်ထမ်းတချို့ ပြောင်းနေကြပြီ။ ဒီလိုအချိန်မှာ စစ်ကောင်စီက ကျောက်ဖြူ ရေနက်ဆိပ်ကမ်း တည်ဆောက်မယ် ဆိုပြီး ပြောလာတာဟာ စိတ်ကူးယဥ်အဆင့်သာ ဖြစ်တယ်။ ဘယ်တရုတ်လူမျိုးမှ ပဋိပက္ခဇုန်ကို မလာနိုင်ဘူး။ ဒီအချိန်မှာ စစ်ကောင်စီက ပေါ်လစီအရ လျှောက်ပြောနေတာသာဖြစ်တယ်။”
အခုတိုက်ပွဲဖြစ်ပွားနေကြတဲ့ အမှတ် ၃၂ ရဲတပ်ရင်းဟာ တရုတ်စီမံကိန်းတွေရှိတဲ့ မလကျွန်းနဲ့ ၂ မိုင်ခန့် အကွာသာ ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ဝန်ကြီးတွေဟာ သီလဝါအထူးစီးပွားရေးဇုန်မှာ ဆိုလာစနစ်နဲ့ လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်သုံးစွဲဖို့၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းနဲ့ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွေကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာ ညွှန်ကြားရေးမှူးတွေက ပူးပေါင်းဆောင်ရွက်ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။